အရှင်ဇဋိလ (ကြာနီကန်ဆရာတော်) (၁၂၉၄- ၁၃၄၀)

Listing Description

အရှင်ဇဋိလသည် မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာရဟန်းတော်တစ်ပါးဖြစ်၍ ဘွဲ့အမည်ထက် ကြာနီကန်ဆရာတော် ဟူ၍ ပိုသိရှိကြသည်။ နိုင်ငံကျော် ဓမ္မကထိကဆရာတော်တစ်ပါးဖြစ်သည်။

ကြာနီကန်ဆရာတော်လောင်းလျာကို စစ်ကိုင်းတိုင်ဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ရွှေတွင်းကုန်းကျေးရွာနေ ဦးရှိန်+ဒေါ်ဒွန်းတို့မှ ၁၂၉၄ ခုနှစ် တော်သလင်းလဆန်း ၁၄ ရက် အင်္ဂါနေ့ ၈ နာရီတိတိအချိန်တွင် မွေးဖွားခဲ့သည်။ မတင်၊ မမှုန်ကြီး၊ မလှဖွေး၊ မောင်စိုးတင်၊ မောင်စိုးရှင်ဟူ၍ သားသမီးငါးဦးရှိရာ ကြာနီကန်ဆရာတော် လောင်းလျာ မောင်စိုးတင်သည် လေးဦးမြောက်ဖြစ်သည်။

၁၃၀၀ ပြည့် အရေးတော်ပုံကြီးပေါ်ပေါက်နေချိန်တွင် မိုးခေါင်ရေရှားမှုကြောင့် ဦးရှိန်နှင့် ဒေါ်ဒွန်းတို့သည် သားသမီးများနှင့်အတူ ကြာနီကန်ရွာ၏ အရှေ့အရပ်ရှိ လျှော်ဖြူပင်ရွာသို့ ပြောင်းရွေ့ကာ လယ်လုပ်ခြင်း၊ ကျွဲ၊ နွား၊ သိုး၊ ဆိတ် မွေးမြူခြင်းအလုပ်ဖြင့် အသက်မွေး ဝမ်းကျောင်းကြသလို မိခင်ကြီးကလည်း ဒေသထွက်ကုန်များကို ရောင်းဝယ်ဖောက်ကားခဲ့သည်။ ထိုလျှော်ဖြူပင်ရွာသည်လည်း မကြာခဏဆိုသလို လူဆိုးဓားပြများ၏ လုယက်တိုက်ခိုက်မှုကို ခံနေရသောကြောင့် ၁၃၀၂ ခုနှစ်တွင် ကြာနီကန်ရွာသို့ ပြောင်းရွေ့ခဲ့သည်။

မောင်စိုးတင်နှင့် မောင်စိုးရှင်တို့အား ပညာသင်ကြားရန်အလို့ငှာ ဓမ္မကထိက ဒုတိယ တောင်ကြာနီကန်ဆရာတော် ဦးဝဏ္ဏထံ သို့ အပ်နှံလိုက်ကြသည်။ ဆရာတော်ဦးဝဏ္ဏသည် ကျမ်းဂန်ပိဋကတ် ကျွမ်းကျင်နှံ့စပ်၍ မတ္တရာ တစ္နယ္လုံးရွိ ဝိနိစ္ဆယအဆုံးအဖြတ်များကို တာဝန်ယူ ဆောင်ရွက်ပေးရသော မဟာနာယက ဆရာတော်တစ်ပါးဖြစ်သည်။ ထို့အပြင် ဗိသုကာပညာ၊ ဂဏန်းသင်္ချာပညာနှင့် ပန်းရန်အတတ်၊ ကနုတ်ပန်းအတတ်ပညာတို့ကိုပါ ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်ထားသလို ဘုရားတည်ဆောက်ပုံ သတ္တဌာနထားရှိပုံနှင့် နက္ခတ်ဗေဒင်ကအစ ရင်းနှီးကျွမ်းဝင်သည့် ဆရာတော်တစ်ပါးဖြစ်သည်။

ဆရာတော်ကြီး၏ သင်ပြမှုကြောင့် အခြေခံ စာပေများကို တစ်နှစ်အတွင်း ပြီးမြောက်အောင်မြင်ခဲ့သည်။ သုံးနှစ်ခန့် သင်ကြားပြီးသောအခါ မောင်စိုးတင်သည် ကျောင်းသားကိုရင် လေးဆယ်ကျော်တို့အား ထပ်ဆင့် သင်ကြားပေးရသည့် လက်ထောက် ဆရာပေါက်စလေးတစ်ဦး ဖြစ်လာခဲ့သည်။

မောင်စိုးတင် ၁၂ နှစ်သားအရွယ်ရောက်သောအခါ မိဘနှစ်ပါးက သားသမီးများကို ရှင်ပြုနားသ အလှူတော်မင်္ဂလာပွဲကြီး ကျင်းပပေးလေသောကြာင့် မောင်စိုးတင်မှာ ကိုရင်ဇဋိလ အမည်ဘွဲ့တော်ဖြင့် ရှင်သာမဏေ ဝတ်ခဲ့သည်။ ထို့နောက်တွင် ကိုရင်ဇဋိလသည် သဒ္ဒါ၊ သင်္ဂြိုဟ်၊ ဇာတ်ကြီးဆယ်ဘွဲ့၊ ဋီကာ၊ ရူပသိဒ္ဓိ၊ ဝိနည်း၊ မာတိကာ၊ ဓာတုကထာ၊ ယမိုက်၊ ပဌာန်း၊ ဆန်း၊ အလင်္ကာ၊ အဘိဓာန်၊ န်ာသ၊ မောဂ္ဂလာန်၊ ဂဠုန်ပျံဝိဂြိုဟ်နှင့် ရှင်နှောင်းငယ်ပျို့တို့ကို သင်ကြားတတ်မြောက်ခဲ့သည်။ ထို့အပြင် ဆရာတော်ဦးဝဏ္ဏမှ တရားဟောပုံဟောနည်း၊ စကားပြောပုံပြောနည်း၊ အနုပညာ၊ ပန်းချီ၊ ပန်းပု၊ ရေဆေးဓာတ်ပုံပညာနှင့် စက်မှုပညာပါမကျန် သင်ကြားခွင့် ရရှိခဲ့ကြသည်။ ထို့ကြောင့် ရှင်ဇဋိလအသက် ၁၆နှစ်ကျော် ၁၇ နှစ်အရွယ်ရောက်သောအခါ ဆရာတော်ဦးဝဏ္ဏ အုပ်ချုပ်သည့် သံဃာ့ဥပုသ်ပြု ဂိုဏ်းနှစ်ခုလုံးမှာ ရှင်မွန်လှတစ်ပါး ဟု ရေပန်းစားကျော်ကြားခဲ့သည်။

ဆရာတော်ဦးဝဏ္ဏသည် မိမိတပည့်အား မန္တလေးမြို့ စာသင်တိုက်သို့ ပို့ရန် စီစဉ်ခဲ့ရာ ခင်မကန်တိုက် အရှင်ဇဋိလ၏ ဦးရီးတော်စပ်သူ စာချဆရာတော် ဦးဇာဂရထံ အပ်နှံကာ ပညာသင်စေခဲ့သည်။ ရှင်ဇဋိလသည် ယင်းခင်မကန်တိုက်မှာပင် အငယ်တန်း၊ အလတ်တန်းနှင့် အကြီးတန်းတို့ကို မပင်မပမ်း အောင်မြင်တော်မူလေသည်။ ဦးရီးတော်က ငယ်လတ်ကြီးအတန်းတွေကို စာဝါပို့ချခိုင်းစေသောကြောင့်လည်း ပို့ချပေးရသည်။ ရဟန်းဝါ လေးဝါအရတွင် ဦးရီးတော်က စာချတန်းကို ကိုးကျမ်းလုံး နှစ်ချင်းပေါက် ပြီးစေလိုသောကြောင့် နေ့ညမအား ကြိုးစား၍ ပို့ချပြသပေးသည်။ သို့သော် ထိုအချိန်မှာ အရှင်ဇဋိလက တရားပွဲများ ဟောကြားနေရပြီမို့ ဆွမ်းကွမ်းမရှား၊ လာဘ်လာဘလေးများလည်း ရွှင်လာသည်။ ပင်ကိုယ်က အဟောအပြော ဝါသနာကြီးလှသည်မို့ စာပေသင်ယူရေးထက် ဟောရေးကို ပိုအားသန်သလိုရှိလာသည်။

မယ်တော်ကြီး ဒေါ်ဒွန်းမှ ရှင်ဇဋိလအား ၁၃၁၄ ခုနှစ်၊ တပို့တွဲလဆန်း ၁၅ ရက်နေ့တွင် ဆရာရင်း ဦးဝဏ္ဏအား ဥပဇ္ဈာယ်ပြုလျက် ဦးဇင်းတစ်ပါးအဖြစ်သို့ ရောက်ရှိခဲ့သည်။ ထိုရဟန်းခံပွဲ ပြီးသောအခါတွင် ဆရာတော်ဦးဝဏ္ဏက မိမိတပည့်၏ ပညာအစွမ်းကို အရောင်ထင်စေလိုသောဆန္ဒနှင့် အရှင်ဇဋိလအား ပထမဆုံးအနေနှင့် တရားဟော ရေစက်ချ ခိုင်းလေသည်။ ရေစက်ချပြီးသောအခါ ပရိသတ်များက အသံကောင်း၊ အဟောကောင်း၊ အပြောကောင်းပြီး ဥပဓိရုပ် ကောင်းလှသည်ဟု ချီးကျူးကြပြီး ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ကြလေသည်။ ဆရာတော်ဦးဝဏ္ဏသည် ကိုယ်တိုင်လည်း ဓမ္မကထိကဖြစ်ပြီး ပါဠိသက်သက်ဖြင့် သုတ္တန်အဟောတွေမှာ နာမည်ကြီးသလို တပည့်တွေကိုလည်း လက်တွေ့သင်တန်း ပေးသည့်အနေနှင့် သာရေး နာရေးများတွင် ဟောပြောစေခဲ့သည်။ အရှင်ဇဋိလကိုကား အထူးမျှော်လင့်ထားသည်။ မျှော်လင့်ထားသလို ဘုန်းကြီးဦးဝဏ္ဏတပည့် တရားဟောကောင်းသည်ဟု ထိုနယ်တဝိုက်တွင် နာမည်ကျော်ကြားလာလေသည်။

ဆရာတော်သည် အစပိုင်းတွင် ဝိပဿ နာတရား ဟောကြားပြီး နောက်ပိုင်းကို ဇာတ်ထုပ်ကို ဟောလေ့ရှိသည်။ တေးသံသွင်းများက အရောင်းသွက်သည့် ဇာတ်ထုပ်ကိုသာ သွင်းယူဖြန့်ချိကြသောကြောင့် အချို့က သီချင်းဆိုပြီး ငိုနေတဲ့ ဘုန်းကြီး ဟု အထင်လွဲကြသည်။ ထို့ကြောင့် ဆရာတော်က တရားခွေများအား မိမိမသိဘဲ မဖြတ်တောက်၊ မဖြန့်ချိကြဖို့ မေတ္တာ ရပ်ခံခဲ့ရသည်။ နောင်တွင်တော့ ဆရာတော်နှင့် ဦးဝဏ္ဏတို့ တည်းဖြတ်ပေးပြီးမှသာ တစ်နိုင်ငံလုံးကို ဖြန့်ချိခွင့်ပြုခဲ့သည်။ ၎င်းနောက်မှာတော့ အထက်မြန်မာပြည် အောက်မြန်မာပြည် တရားပွဲများ အားလပ်ရက်မရှိ ဟောကြားရတော့၏။

ထိုသို့ တရားပွဲများ လှည့်လည် ဟောကြားနေရင်းက ဆရာဖြစ်သူ ဆရာတော် ဦးဝဏ္ဏ ပျံလွန်တော်မူသည့် သီတင်းကို စို့နင့်ကြေကွဲစွာ ကြားသိရသည်။ ထို့ကြောင့် ကြာနီကန်ရွာသို့ ချက်ခြင်း ပြန်လာခဲ့ပြီး ဦးဝဏ္ဏ၏ အန္တိမဈာပနကို ဇာတ်သဘင်၊ အငြိမ့်များဖြင့် တခမ်းတနားပြုလုပ်သည်။ အရိုးတော်များကို ရွှေလောင်းတောင်ပေါ်တွင် ဂူဘုရားအဖြစ် တည်ထားသည်။ ထို့နောက်မှာတော့ ကြာနီကန်ကျောင်းတိုက်၏ ကျောင်းထိုင်ဆရာတော်တစ်ပါး ဖြစ်လာခဲ့သည်။

သည့်နောက်တွင် ဆရာတော်၏ အောင်မြင်မှုမှာ အထွဋ်အထိပ်သို့ ရောက်ရှိလာခဲ့သည်။ စိန်အောင်မင်း၊ စိန်မာဒင်၊ ဒဂုန်အောင် စသည့် ဇာတ်၊ ရုပ်သေးများဖြင့် ယှဉ်ပြိုင်ဟောကြားသော်လည်း မည်သည့်အခါမှ ရှုံးလေ့မရှိဘဲ နိုင်သည်ချည်းဖြစ်သည်။ ပရိသတ်မှာလည်း တရားပွဲမို့ ငြီးငွေ့သွားသည်မရှိဘဲ ဇာတ်ရုံထရံများ ဖွင့်ပေးရသည်အထိ ကြိတ်ကြိတ်တိုး များပြားခဲ့သည်။

ကြာနီကန်ဆရာတော်၏ တရားများသည် စာမတတ်သူနှင့် ကလေးသူငယ်တို့အတွက် အဓိကထား ဟောကြားသော တရားများဖြစ်သည်။ ထို့ကြောင့် အောက်ခြေ လှေကားထစ် ဓမ္မကထိက ဖြစ်ကြောင်း မကြာမကြာ ရိုးသားစွာ ဝန်ခံလေ့ရှိသည်။

ဆိုတာ ငိုတာကို ကြိုက်သူနှင့် မကြိုက်သူတို့တွင် ကြိုက်သူက အပြတ်အသတ် ပိုမိုများပြားသည်။ ထိုကြိုက်သည့် အထဲတွင် မင်းကွန်းဆရာတော်ကြီးလည်း အပါအဝင်ဖြစ်သည်။ ဉာဏ်အကောင်းဆုံးသူအဖြစ် ကမ္ဘာ့မှတ်တမ်းဂင်းနစ်စံချိန်ဝင် မင်းကွန်းဆရာတော်ကြီးနှင့် မြင်းခြံမြို့တွင် တွေ့ဆုံခဲ့စဉ်က ဆရာတော်ကြီးက ဦးဇဋိလ ဆရာတော်တို့ကို အားနာပြီးတော့ မဟောရဲ၊ မပြောရဲ မဖြစ်နဲ့၊ ဦးဇဋိလ ဟောတဲ့ တရားတွေဟာ ဓမ္မဓိဌာန်ကျပြီး လူငယ်လူရွယ်တွေအတွက် အောက်ခြေသိမ်းတွေ အများကြီးပါတယ်။ ဟောသာဟောပါ။ ဆရာတော်တို့က တိပိဋကဓရနှင့် ကိုက်ညီအောင် ပိဋကတ် တွေရွတ်ပြီး ပါဠိအတိုင်း မြန်မာပြန် ဟောနေရပေမဲ့ ပုံတိုပတ်စတွေနဲ့ ပေဒသာလို စုံနေအောင် ဟောလို့ မရပါဘူး။ ဦးဇဋိလလည်း ပါရမီထူးတဲ့ ပုဂ္ဂိုလ်ပါ။ ပါရမီထူးတဲ့အတိုင်း ရှေ့ဆက်ပြီး ဟောသာ ဟောပါ ဟု အားပေးတိုက်တွန်းခဲ့သလို ဆရာတော်၏ ဇာတိရွာသို့ပင် သုံးညဆက် တရားဟောရန် တောင်းဆို၍ လယ္တီဦးဝိလာသက ရှေ့ပိုင်းဟောပြီး ပရိသတ်ထိန်းနိုင်သည့် ကြာနီကန်ဆရာတော်က နောက်ပိုင်းဟောအဖြစ် တာဝန်ယူ ဟောကြားပေးခဲ့ဖူးသည်။ မင်းကွန်းဆရာတော်ကြီးသည် အဆိုအငိုတို့ကို အားပေးခြင်းမဟုတ်ဘဲ ထိုအဆိုအငိုတို့ကြောင့် များစွာသော လူငယ်လူရွယ်တို့ ရတနာသုံးပါး၏ ကျေးဇူးကို သိရှိကိုးကွယ်လာရသောကြောင့် ဆိုးကျိုးထက် ကောင်းကျိုးများမှု့ကြောင့် ထိုသို့ အားပေးထောက်ခံခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

မြန်မာသက္ကရာဇ် ၁၃၄၀ ပြည့်နှစ်တွင် ဆရာတော်ဦးဇဋိလသည် ကားမတော်တဆမှုဖြင့် ပျံလွန်တော်မူခဲ့ပါသည်။ ပျံလွန်တော်မူချိန်တွင် သက်တော် ၄၆ နှစ်ရှိပြီဖြစ်သည်။