ဆင်ကျုံးခံတပ်

Listing Description

ဆင်ကျုံးခံတပ်သည် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ အင်းဝမြို့၊ ဆင်ကျုံးကျေးရွာအနီး၊ ဧရာဝတီမြစ်တောင်ဘက်တွင် တည်ရှိပါသည်။ သာယာဝတီမင်းလက်ထက် ဆင်ရိုင်းများကျော့ရာကျုံးကို မင်းတုန်းမင်းလက်ထက်တွင် ခံတပ်အဖြစ် ပြုပြင်တည်ဆောက်ခဲ့၍ ဆင်ကျုံးခံတပ်ဟူ၍ ခေါ်ကြပါသည်။ ဆင်ကျုံးခံတပ်ကို ခရစ်သက္ကရာဇ် မြန်မာသက္ကရာဇ် ၁၂၃၆ ခုနှစ်၌ မင်းတုန်းမင်းကြီးလက်ထက်တွင် အိမ်ရှေ့စံ ကနောင်မင်း၊ ကင်းဝန်မင်းကြီး ဦးကောင်း၊ ယောမင်းကြီးဦးဘိုးလှိုင်တို့၏စီမံမှုဖြင့် အီတလီလူမျိုးအင်ဂျင်နီယာပညာရှင် ကွန်မိုတို(Commotto)က ဦးဆောင်ကြီးကြပ်၍ တည်ဆောက်ခဲ့ပါသည်။ ဧရာဝတီမြစ်ကြောင်းမှ ဆန်တက်လာမည့် နယ်ချဲ့တို့အား ခုခံတိုက်ခိုက်ရန် ရတနာပုံနေပြည်တော်အနီး အင်းဝတွင် ဆင်ကျုံးခံတပ်၊ စစ်ကိုင်းတွင် အစေခံခံတပ်၊ အမရပူရတွင် သပြေတန်းခံတပ်ဟူ၍ သုံးပွင့်ဆိုင် တည်ဆောက်ခဲ့သော ခံစစ်စခန်း ဖြစ်ပါသည်။

ဆင်ကျုံးခံတပ်သည် စတုရန်းပုံဖြစ်ပြီး အုတ်တံတိုင်းသုံးထပ် ရှိပါသည်။ ခံတပ်ပတ်လည်တွင် ကျုံးရှိပြီး အုတ်ရိုးများဖြင့် တည်ဆောက်ထားပါသည်။ အပြင်တံတိုင်းမှာ တစ်မျက်နှာလျှင် ၃၅၅ ပေရှိပြီး အလယ်တံတိုင်းမှာ တစ်မျက်နှာလျှင် ၂၉၃ ပေရှိပါသည်။ တံတိုင်းနှစ်ခုကြားတွင် ၃၁ ပေ ကျယ်သော ကျုံးရှိပြီး ခံတပ်အတွင်းသို့ ဝင်ရောက်နိုင်ရန် အရှေ့ဘက်တွင် ကျုံးကိုဖြတ်၍ အလျား ၃၂ ပေ၊ အနံ ၂၀ ပေ ရှိသော တံတားကို ယက်မလျှိုကာ ဆောက်လုပ်ထားပါသည်။ ၎င်းအပေါက်ဝတွင် အလျား ၈၃ ပေ၊ အထူ ၄ ပေ ရှိသော အရှေ့အနောက်တန်းနေသည့် အုတ်တံတိုင်းရှိပါသည်။ ကျုံး၏ အတွင်းဘက်တွင် တစ်မျက်နှာလျှင် ၂၁၃ ပေ ရှည်လျားသော အုတ်တံတိုင်းရှိပြီး အပြင်ဘက်မှ မြေကြီးများဖြည့်ကာ ကတုတ်သဖွယ် ပြုလုပ်ထားပါသည်။ ခံတပ်၏ မြောက်ဘက်တွင် အရှေ့အနောက်တန်းလျက် အခန်း ၂ ခန်းပါရှိပြီး ၎င်းအပေါ်တွင် လှေကားထစ်များပြုလုပ်ထားသည်။ ခံတပ်၏ မြောက်ဘက်အတွင်းဘက်တွင် သရဲပြေးပေါ်၌ ဆုံလည်အမြှောက်များ၊ စိန်ပြောင်းများ၊ သေနတ်များထားရာ စက်ဝိုင်းပုံသဏ္ဌာန် အုတ်စီအဝိုင်းပေါက်များ ပြုလုပ်ထားပါသည်။ အတွင်း၌ လက်နက်တိုက်နှင့် ယမ်းတိုက်ပါရှိပါသည်။ ဆင်ကျုံးခံတပ်ကို ၁၉၅၇ ခုနှစ်မှစ၍ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ တာဝန်ယူထိန်းသိမ်းစောင့်ရှောက်လျက် ရှိပါသည်။

အသေးစိတ်ဖတ်ရှုရန်