ဦးကိုနီ (ရှေ့နေ) (၁၉၅၃-၂၀၁၇)

Listing Description

ဦးကိုနီသည် ထင်ရှားသော မွတ်စလင်မ် ရှေ့နေတစ်ဦးဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုဥပဒေ အထောက်အကူပြုအဖွဲ့ဝင် ဥပဒေအကြံပေး ရှေ့နေတစ်ဦးဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတော်၏ အကြံပေးပုဂ္ဂိုလ်ရာထူးကို ရယူနိုင်အောင် ကြိုးပမ်းခဲ့သူ ဖြစ်သည်။

အဖ ဦးစူလ်တန်၊ မိခင် ဒေါ်ခင်လှ(ခ) ဒေါ်ဟလီမာတို့မှ စစ်ကိုင်းတိုင်ဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်၊ အင်းရွာကျေးရွာတွင် မွေးဖွားခဲ့သည်။

ကသာမြို့ အထက (၁) ကျောင်းမှ ၁၉၇၁ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ပြီး ရန်ကုန် ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်တွင် ပညာဆည်းပူးခဲ့ကာ ၁၉၇၅ ခုနှစ်တွင် B.A(Law) ဘွဲ့ရရှိခဲ့သည်။ ၁၉၇၆ ခုနှစ်တွင် LL.B ( ဥပဒေဘွဲ့) ကို ရရှိခဲ့သည်။ ၁၉၇၅−၁၉၇၆ ပညာသင်နှစ်တွင် ရန်ကုန်တက္ကသိုလ် ဥပဒေအသင်းကြီး၏ ဒုဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ ၁၉၇၇ မှ ၁၉၇၉ ခုနှစ်အတွင်း ရန်ကုန်အဝေးသင်တက္ကသိုလ်၊ ဥပဒေပညာဌာနတွင် နည်းပညာဆရာအဖြစ် လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၇၆ ခုနှစ်တွင် ဥပဒေဘွဲ့ရရှိပြီးနောက် အဝေးသင်တက္ကသိုလ်တွင် နည်းပြဆရာအဖြစ် တာဝန်ထမ်းဆောင်ရင်း ဆရာကြီးဦးကိုယုထံတွင် အလုပ်သင်ရှေ့နေ၊ အမှုလိုက်ရှေ့နေအဖြစ် လုပ်ကိုင်ခဲ့ကာ ၁၉၉၅ ခုနှစ်တွင် Laurel Law Firm ကို တရားဝင်မှတ်ပုံတင်ပြီး ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သို့ ၂၀၁၃ ခုနှစ် ​အောက်တိုဘာလ ၈ ရက်နေ့တွင် တရားဝင် ဝင်ရောက်ခဲ့ပြီး ဗဟိုဥပဒေ အထောက်အကူပြု အဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေဖြစ်သည်။ ဦးကိုနီသည် ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲခြင်းထက် အသစ်အစားထိုးရေးဆွဲသင့်သည်ဟု ယုံကြည်ထားသူဖြစ်သည်။

ဇနီး ဒေါ်တင်တင်အေးနှင့် သားသမီး ၃ ဦး ရှိပြီး သမီးကြီး ဒေါက်တာယဉ်နွယ်ခိုင်၊ ဒေါက်တာအေးသီခိုင်၊ သားငယ် ကိုသန့်ဇင်ဦး (စင်ကာပူ) တို့ဖြစ်ပြီး ရန်ကုန်တွင် နေထိုင်ခဲ့သည်။

ဦးကိုနီသည် အင်ဒိုနီးရှားနိုင်ငံတွင် ပြုလုပ်သော Senior Leadership Programme ကို တက်ရောက်ပြီး အပြန် ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၉ ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လုပ်ကြံခံခဲ့ရပြီး ကွယ်လွန်ခဲ့သည်။