မုတ်ဆိတ်တော်ဓာတ်စေတီ

Listing Description

မြောက်ဦးမြို့ မြတန်ဆောင်းဘုရားများ၏ မြောက်ဘက် ပေ ၃၀၀ ခန့်အကွာ၊ ပေ ၁၀၀ ခန့်အမြင့်ရှိ တောင်ကုန်းပေါ်တွင် တည်ရှိပါသည်။ ဘုရင်မင်းစောမွန်က ကောဇာသက္ကရာဇ် ၇၉၂ ခုနှစ် (အေဒီ ၁၄၃၀) တွင် မြောက်ဦးမြို့တည်နန်းတည်အဖြစ် တည်ထားခဲ့သော ဘုရားစေတီများအနက် တစ်ဆူအပါအဝင်ဖြစ်သည်။ စေတီတော်တည်ရှိရာ ကုန်းတော်မှာ နှစ်ဆင့်ဖြစ်သည်။ ပထမဆင့်တွင် ကျောက်ဖြင့် တည်ဆောက်ထားသော ပိဋကတ်တိုက်တစ်ခုရှိသည်။ ကျောက်တံတိုင်း လေးမျက်နှာ ကာရံထားသည်။ ဂူထဲ၌ ကျောက်ဆင်းတု သုံးဆူရှိသည်။ တောင်ကုန်း၏ အပေါ်ဆုံးအဆင့်တွင် မုတ်ဆိတ်တော်ဓာတ်စေတီရှိသည်။ အလျားပေ ၁၀၀၊ အနံပေ ၁၀၀၊ အမြင့် ၁၅ ပေခန့်ရှိသော အုတ်ခုံပစ္စယံကြီးအလယ်ဗဟိုတည့်တည့်တွင် စေတီတော်ကြီး တည်ထားသည်။ စေတီပုံမှာ ခေါင်းလောင်းမှောက် အထက်ဓာတုဂမ္ဘတင်ထားသော ပုံမျိုးဖြစ်သဖြင့် ထုံက္ကန့်သိမ်ပုထိုးတော်နှင့် အဆင်းသဏ္ဌာန်တူပါသည်။ စေတီတော်၏ ပတ်လည်မှာ ပေ ၁၀၀ ခန့်ရှိ၍ စေတီတော်၏ ဉာဏ်တော်အမြင့်မှာ ပေ ၅၀ ရှိပါသည်။ ထောင့်လေးထောင့်တွင် အရံစေတီလေးဆူ တည်ရှိသည်။ စေတီတော်၏ မြောက်ဘက်တွင် ရှေးခေတ်မြောက်ဦးရှိ ကျောင်းကြီး ၃၆ ကျောင်းတွင် တစ်ကျောင်းအပါအဝင်ဖြစ်သော ဘုရင်မင်းစောမွန်ဆောက်လုပ်လှူဒါန်းခဲ့သည့် စန္ဒရာမကျောင်းတော်ရာရှိပါသည်။ ကျောင်းတော်ရာတစ်ခုလုံးကို ကျောက်တံတိုင်းတို့ဖြင့် ကာရံတည်ဆောက်ခဲ့သည်ကို ယနေ့တိုင်တွေ့မြင်လေ့လာနိုင်ပါသည်။