မိတ္ထီလာကန်

Listing Description

မိတ္ထီလာကန်သည် မိတ္ထီလာမြို့၏ အနောက်ဘက်တွင် တည်ရှိပြီး အလျား ခုနစ်မိုင် နှင့်အနံ လေး ဖာလုံ ရှိသည်။ မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်းသည် မိတ္ထီလာကန်ကို အရှေ့မှအနောက်သို့ ဖြတ်သန်းနေသဖြင့် မိတ္ထီလာကန်သည် တောင်ကန် နှင့် မြောက်ကန်ဟု နှစ်ပိုင်းဖြစ်နေသည်။ သို့သော် ရေက တစ်ဆက်တည်း ဖြစ်ကာ မြောက်ကန်မှရေသည် တောင်ကန် အတွင်းသို့စီးဝင်လျက်ရှိပါသည်။ မိတ္ထီလာကန်ကို ဖြတ်ထားသည့် အလျားပေ ၂ဝဝ၊ အကျယ် ၂၅ ပေ နှစ်လမ်းသွား သံကူကွန်ကရစ် တံတားကို ယခုအခါတွင် အလျားပေ ၈၀၀ နှင့် ယာဉ်သွားလမ်း အကျယ် ၄၈ ပေ တိုးချဲ့ထားသည်။ မိတ္ထီလာမြို့နေလူထု ၈၀ ရာခိုင်နှုန်းခန့်သည် မိတ္ထီလာကန်ရေကို သောက်ရေသုံးရေအဖြစ် အသုံးပြုလျက်ရှိပြီး တောင်သူလယ်သမားများအတွက်လည်း ကန်ရေကိုအဓိကထား၍ စိုက်ပျိုးလုပ်ကိုင် စားသောက်နေရသော ကန်ကြီးတစ်ကန်ဖြစ်ပါသည်။ မိတ္ထီလာကန်ကို ရှေးအခါက သျှိသျှားကန်ဟု ခေါ်တွင်ခဲ့ပြီး ယခု မိတ္ထီလာကန်အမည်မှာ အနော်ရထာမင်း မှည့်ခေါ်ခဲ့သော အမည်ဖြစ်သည်ဟု မြန်မာ့စွယ်စုံကျမ်း အတွဲ(၉)တွင် ဖော်ပြထားပါသည်။ မိတ္ထီလာကန်ရေသည် ပုပ္ပားရေကျနှင့် ထိစပ်ခြင်းရှိ မရှိ အနော်ရထာမင်း အကြည့်ခိုင်းခဲ့သည့် မြင်းသည်တော်က ပုပ္ပားရေကျနှင့် မထိလာကြောင်း "မထိလာပါ"ဟု လျှောက်တင်သည့်စကားမှ မိတ္ထီလာဖြစ်လာသည်ဟု အစဉ်အဆက် ပြောဆိုခဲ့ကြသော်လည်း ယင်းအဆိုသည် မိတ္ထီလာဒေသ၏ မြေမျက်နှာသွင်ပြင်ကြောင့် မဖြစ်နိုင်ကြောင်း မိတ္ထီလာမြို့နယ်ဖြစ်စဉ်သမိုင်းမှတ်တမ်းတွင် ရေးသားထားပါသည်။ မင်းကြီးစွာစော်ကဲ လက်ထက် ၁၃၆၈ ခုနှစ်တွင် မိတ္ထီလာကန် ကျိုးပေါက်ခဲ့သည်။ မင်းကြီးစွာစော်ကဲ နောက်တွင် နန်းတက်ခဲ့ကြသော ဒုတိယမင်းခေါင် ခေါ်သီဟသူမင်း၊ ရွှေနန်းကြော့ရှင်၊ ငါးဆူဒါယကာမင်း၊ သာလွန်မင်း၊ အလောင်းမင်းတရားကြီး စသည့် မင်းအဆက်ဆက်လက်ထက်တွင် မိတ္ထီလာကန်ကိုပြုပြင်မှုများမရှိခဲ့ဘဲ ဗဒုံမင်း(၁၇၈၂-၁၈၁၉) လက်ထက်တွင် မိတ္ထီလာကန်ကို စနစ်တကျ ပြုပြင်ခဲ့သည်။ မင်းတုန်းမင်းလက်ထက်တွင် ငလျင်ဒဏ်ကြောင့် ကျိုးပေါက်ခဲ့ပြီး မင်းတုန်းမင်းက ငါးမြို့ဝန် ဝက်မစွမ်းကို ဦးဆောင်စေ၍ ပြန်လည်ဆည်ဖို့စေခဲ့ပါသည်။ မင်းတုန်းမင်းနောက်ပိုင်း ကိုလိုနီခေတ်တိုင်အောင် မိတ္ထီလာကန်သည် ကျိုးပေါက်ခြင်းမရှိခဲ့ချေ။ ၁၉၃၅ ခုနှစ်တွင် မိတ္ထီလာ ကန်သို့ရေဝင်များခဲ့သဖြင့်ကန်ပေါက်ကျိုးကာ ကန်အောက်ကျေးရွာများ ရေမြုပ်ခဲ့သဖြင့် ရေကျော် ခုနစ်ပေါက် ရေလွှတ်ပြွန် တံခါး တပ်ဆင်ခဲ့ပါသည်။ ရွှေမြင်တင်စေတီတော်အောက်တွင် လေးပေ အကျယ်ရှိသည့် ရေပြွန်ကြီးကို မြှုပ်၍ရေလွှတ်တံခါးတစ်ခု တည်ဆောက်ခဲ့ပါသည်။ မိတ္ထီလာကန်၏ ရေပြည့် ရေလှောင် ပမာဏသည် ဧကပေ ၂၄၈၄၆ ရှိပြီး ကန်ရေသောက် ဧရိယာသည် ၂၁၆၉၁ ဧက ဖြစ်ပါသည်။ သက်တမ်းကြာရှည်လာသည်နှင့် အမျှ မိတ္ထီလာကန်သည် ၁၉၈၂ ခုနှစ် မှ ၂၀၁၁ ခုနှစ်အတွင်း ရေလှောင်တမံအမြင့်သည် ၇၂ ဒသမ ၉၀ ပေမှ ၄၆ ပေသို့လည်းကောင်း၊ရေပြင်ကျယ်ဧရိယာသည် ၃၁၆၆ ဧကမှ ၂၉၈၉ ဧကသို့ လည်းကောင်း၊ ရေသေ ရေလှောင် ပမာဏသည် ၉၆၃၁ ဧက မှ ၇၆၃၇ ဧက သို့ လည်းကောင်း၊ရေပြည့်ရေလှောင်ပမာဏသည် ၂၆၄၃၄ ဧက မှ ၂၄၈၄၆ ဧက သို့ လည်းကောင်း၊ အသုံးပြုနိုင်သော ပမာဏသည် ၂၁၆၉၁ ဧက မှ ၁၇၂၀၉ ဧက သို့လည်းကောင်း လျော့ နည်းကျဆင်းခဲ့သည်။ ထို့ကြောင့် ၂၀၁၅ ခုနှစ် ဇွန်လနှင့် ဇူလိုင်လတွင် မိတ္ထီလာ ကန် အတွင်းမှ သဲနုန်း ၉၇၂၅ ကုဗပေ ကိုတူးဖော်ခဲ့ပြီး မြောက်ကန်ဘောင်အလျားကို ၂၅၆၀၀ ပေ အထိလည်းကောင်း၊ကန်ပေါင်အမြင့် ကို ၄၈ ပေအထိလည်းကောင်း၊ကန်ပေါင်ထိပ်အကျယ်ကို ပေ ၁၀၀ အထိလည်းကောင်း၊ ကန်ရေအနက်ကို ရှစ်ပေအထိလည်းကောင်း ရေလှောင်ပမာဏကို ဧကပေ ၇၂၀၀ အထိလည်းကောင်း တိုးမြှင့် ပြုပြင်ခဲ့ပါသည်။