ထက်ယံ

Listing Description

၁၉၉၄ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့တွင် အဖ ဦးအေးသိန်းနှင့် အမိ ဒေါ်ကြူကြူတို့မှ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ မွေးဖွားခဲ့သည်။ မွေးချင်း နှစ်ယောက်အနက် အငယ်ဆုံးသားဖြစ်သည်။ မိတ္ထီလာမြို့ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ပညာသင်ကြားခဲ့သည်။ ၂၀၁၀ ပြည့်နှစ်တွင် ရန်ကုန် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်တွင် တက်ရောက်ခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် ကျောင်းပြီးခဲ့သည်။

၂၀၁၁ ခုနှစ် တက္ကသိုလ်ကျောင်းသားဘဝမှာပင် ဂီတလောကထဲသို့ ဝင်ရောက်လာခဲ့သည်။ သူငယ်ချင်းများနှင့်အတူ သီချင်းများ၊ mix tape များ ဖြန့်ဝေခဲ့သည်။

၂၀၁၂ ခုနှစ်တွင် ရဲရင့်အောင်၊ သားသားတို့၏ “အမုန်းဒိုင်ယာယီ” အယ်လ်ဘမ်တွင် “No more cry” သီချင်းဖြင့် နာမည်ရလာခဲ့သည်။

၂၀၁၃ ခုနှစ်တွင် Bo Bo Entertainment မှ ဖြန့်ချိသည့် အယ်လ်ဘမ်တစ်ခုတွင် “နင်လိုချင်သလို” သီချင်းဖြင့် ပါဝင်သီဆိုခဲ့သည်။ ထိုသီချင်း၏ သီချင်းဗီဒီယိုကို ကိုယ်တိုင် ဒါရိုက်တာလုပ်၍ ရိုက်ကူးခဲ့သည်။

၂၀၁၄ ခုနှစ်တွင် ရွှေထူး၊ X-Box ၊ Lil’z တို့နှင့်တွဲဖက်၍ “4 Album” အမည်ရှိ အယ်လ်ဘမ်ထွက်ရှိခဲ့သည်။

၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် ပွဲဦးထွက် တစ်ကိုယ်တော် အယ်လ်ဘမ် “New” ကို ဖြန့်ချိခဲ့သည်။ ထို့နောက် ၈ လအကြာတွင် ဒုတိယမြောက် တစ်ကိုယ်တော် အယ်လ်ဘမ် “October 18” ထွက်ရှိခဲ့သည်။

၂၀၁၈ ခုနှစ် အောက်တိုဘာ ၂၁ ရက်နေ့တွင် “ရှေ့မှီနောက်မှီ” အယ်လ်ဘမ် ထွက်ရှိခဲ့ပြီး ထိုအယ်လ်ဘမ်ထဲမှ သီချင်းတစ်ပုဒ်ဖြစ်သော “နွေးသွားတယ်” သီချင်းမှာ မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ် (၁) နေရာရောက်ရှိခဲ့ပြီး လူမှုကွန်ယက်များတွင်လည်း အချိန်အတန်ကြာ ရေပန်းစားခဲ့သည်။

ထက်ယံသည် အဆိုတော် ယုန်လေး ရိုက်ကူးပြီး ပြည်တွင်းရှိ ဟစ်ဟော့အဆိုတော်များစွာ ပါဝင်သော “Special 9” ဇာတ်ကားတွင် အဓိက ဇာတ်ဆောင်အဖြစ်ပါဝင်သရုပ်ဆောင်ခဲ့သည်။ ထိုဇာတ်ကားကို ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့တွင် ရုံတင်ပြသခဲ့သည်။