ဦးပိန်တံတားကိုအလည်သွားရင်း အပန်းဖြေနိုင်မယ့် တောင်သမန်အင်းနားက စက္ကူပန်းနန်းတော်

Listing Description

မန္တလေး ဒီဇင်ဘာ ၂၅

ကိုဗစ်-၁၉ အလွန်ကာလတွင် ခရီးသွားများအား ဆွဲဆောင်နိုင်ရန်ရည်ရွယ်၍ မန္တလေးမြို့ ဦးပိန်တံတားနှင့် တောင်သမန်အင်းအရှေ့တောင်ဘက်ရှိ ရွာသစ်ကျေးရွာအနီးတွင် စက္ကူပန်းနန်းတော်အပန်းဖြေဥယျာဉ် ကို စက္ကူပန်းပင်ပေါင်းတစ်သိန်းကျော်ဖြင့်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါ ပန်းနန်းတော် ဥယျာဉ် မန်နေဂျာ ဦးစိုးဝင်းအောင်က ပြောကြားသည်။

အဆိုပါ ပန်းဥယျာဉ်ကို ၂၀၂၀ ပြည့်နှစ် သင်္ကြန်ကာလအမီဖွင့်လှစ်ရန် လျာထားခဲ့သော်လည်း မတ်လအတွင်း ဖြစ်ပွားခဲ့သော ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် ဖွင့်လှစ်ချိန်နောက်ကျခဲ့ပြီး ပန်းဥယျာဉ်ကို ဦးပိန်တံတားနှင့် တောင်သမန်အင်း၏ အရှေ့တောင်ဘက်ရှိ ရွာသစ်ကျေးရွာအနီးတွင် စက္ကူပန်းပင်ပေါင်း တစ်သိန်းကျော်ဖြင့် မြေယာရှုခင်းပြုပြင်ကာ စက္ကူပန်းနန်းတော် အပန်းဖြေဥယျာဉ်ကို အကောင်အထည်ဖော် ပြင်ဆင်လျက်ရှိကြောင်း ၎င်းက ပြောကြားသည်။

မန္တလေးမြို့မှာ ခရီးသွားတွေကို ဆွဲဆောင်နိုင်အောင်၊ အပန်းဖြေလည်ပတ်စရာ နေရာတစ်ခု ဖြစ်အောင် တည်ဆောက်ထားကြောင်း၊ မြေဧက ရှစ်ဧကလောက်အတွင်းမှာ စက္ကူပန်းမျိုးရင်း ပေါင်း ၇၀ ကျော်၊ အရောင်ကွဲပေါင်း ၃၀ ကျော်နဲ့ စက္ကူပန်းပင်ပေါင်း တစ်သိန်းကျော်နဲ့ ပုံဖော်ဆောင်ရွက်နေတာ တော်တော်များများ ပြီးစီး နေပါပြီ။ စက္ကူပန်းက အနံ့မရှိပေမယ့် ကမ္ဘာ့နိုင်ငံ တော်တော်များမှာ စက္ကူပန်းနဲ့ အလှဆင်ပုံဖော်တာတွေ တွေ့နိုင်ပါတယ်။ အရောင်အသွေးစုံ ပန်းတွေကို မြေယာရှုခင်းပုံတွေ ပုံဖော်နေသလို မျိုး ခံစားနိုင်အောင်လို့ပါ။ မန္တလေးမြို့မှာ ပြည်သူလူထုအပန်းဖြေစရာနေရာတစ်ခု ဖြစ်လာအောင် ရည်ရွယ်ကာ ဆောင်ရွက်ထားပါတယ်။ ပန်းဥယျာဉ်အတွင်းမှာ ကလေးကစားကွင်းတွေ၊ ဓာတ်ပုံရိုက်စရာနေရာတွေ၊ ပန်းဝင်္ကပါတွေ၊ စားသောက်ဆိုင်တွေ၊ နေဝင်ဆည်းဆာ ကြည့်ရှုရမယ့် တောင်ကုန်းတွေပါ ဆောင်ရွက်ထားပါတယ်။ စက္ကူပန်းပျိုးပင် အရောင်းစင်တာလည်း ဖွင့်လှစ် ထားပါတယ်။ ကိုဗစ်အလွန်ကာလမှာ ဖွင့်လှစ်နိုင်အောင် ပြင်ဆင်နေပါတယ်”ဟု မန်နေဂျာ ဦးစိုးဝင်းအောင်က ပြောသည်။

“စက္ကူပန်းနန်းတော်ဖွင့်လှစ်ပါက လူအများ စိတ်ဝင်စားစရာ နေရာတစ်ခု ဖြစ်လာနိုင်တဲ့ အပြင် ပန်းဥယျာဉ်ကြီး ထိန်းသိမ်းရေးလုပ်ငန်း များဖြစ်တဲ့ ရေလောင်းပေါင်းသင်တာတွေ၊ စက္ကူ ပန်းမျိုးခွဲတာတွေ၊ အရောင်ခွဲတာတွေ၊ ပုံသွင်းတာတွေ ဆောင်ရွက်ဖို့ ဒေသခံများအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးတဲ့ နေရာတစ်ခုလည်း ဖြစ်လာမယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

ကိုဗစ်အလွန်ကာလ ခရီးသွားလာမှု ပြန်လည်မြင့်တက်လာချိန်တွင် မန္တလေးမြို့၌ ခရီးသွားများ လာရောက်လည်ပတ်စရာ ပန်းဥယျာဉ်အဖြစ် အဆင်သင့်ဖြစ်ရန် ပြင်ဆင်လျက်ရှိပြီး စက္ကူပန်းနန်းတော် ဖွင့်လှစ်ပါက လူအများ စိတ်ဝင်စားစရာနေရာတစ်ခု ဖြစ်လာနိုင်သည့်အပြင် ဒေသခံများကိုလည်း အလုပ် အကိုင် အခွင့်အလမ်းများစွာ ရရှိလာနိုင်မည် ဖြစ်ကြောင်း သိရသည်။

သန်းဇော်မင်း(ပြန်/ဆက်)