ကိုပညာ (အမရပူရ)

Listing Description

ကိုပညာ (အမရပူရ) သည် အမျိုးသားစာပေဆုရ စာရေးဆရာတစ်ဦး ဖြစ်သည်။ အဘ ဦးသိန်းဖေ၊ အမိ ဒေါ်အေးရွှေတို့မှ အမရပူရမြို့၊ တောင်ကြီးရပ်ကွက် အရှေ့ဆင်တိုင်ရပ်(အရှေ့ဆင်ပျံရပ်)တွင် မြန်မာနှစ် ၁၂၉၄ ခုနှစ်၊ ပြာသိုလဆန်း (၁၀)ရက် (၁၉၃၃ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်) ဖွားမြင်သည်။ ငယ်မည် မောင်မြသောင်း ဖြစ်သည်။ ၁၉၄၀-ခုနှစ်၊ ခြောက်နှစ်သားအရွယ်တွင် တောင်သမန်အင်းစောင်း တောင်လေးလုံးကျောင်းသို့ ရောက်ရှိ၍ စာပေပညာသင်သည်။ ၉ နှစ်သားအရွယ်တွင် ရှင်သာမဏေ ပြုသည်။ (၁၆)နှစ်သားအရွယ်တွင် အမရပူရမြို့ အမာဂန္ဓာရုံဆရာတော်ကြီး ( အရှင်ဇနကာဘိဝံသ အဂ္ဂမဟာပဏ္ဍိတ) ထံတွင် စာပေပရိယတ်များ သင်ကြား၍ 'ဓမ္မာစရိယ' အောင်မြင်ခဲ့သည်။ ဘွဲ့အမည်မှာ အရှင် ပညာဇောတ ဖြစ်သည်။

၁၉၅၅ ခုနှစ်ခန့်က စုံထောက်ဝတ္ထု မဂ္ဂဇင်းတွင် ဆောင်းပါးတစ်ပုဒ်၊ ဝတ္ထုတစ်ပုဒ်ရေးသား၍ စာပေလောကသို့ စတင်ဝင်ရောက်ခဲ့သည်။ ထို့နောက်မြဝတီမဂ္ဂဇင်း အမှတ် (၉၉) တွင် တောင်သမန်၏နံနက်ခင်း ကဗျာပါရှိခဲ့သည်။

၁၉၅၉ ခုနှစ်တွင် သွေးသောက်မဂ္ဂဇင်း ၌ ဆောင်းပါးများ ရေးသားခဲ့သည်။

၁၉၆၇ ခုနှစ်တွင် ကိုပညာ (အမရပူရ) အမည်ဖြင့် ငွေတာရီမဂ္ဂဇင်းတွင် စတင် ကလောင်သွင်း၍ မန္တလေးမြို့ ဟံသာဝတီသတင်းစာနှင့် အခြားမဂ္ဂဇင်းများတွင် ဆောင်းပါးများ ရေးသားခဲ့သည်။

၁၉၅၈-၆၇ တွင် ဗိုလ်မှူးဘသောင်း (မောင်သုတ) ၊ မန္တလေးမြို့အနောက် ခင်မကန်ကျောက်ဆောက်ကျောင်း ဆရာတော် အရှင်ဝါယမ ၊ မန္တလေးတက္ကသိုလ်မှ ဆရာ ဦးမောင်မောင်တင်(မဟာဝိဇ္ဇာ)၊ ဒေါက်တာသန်းထွန်း သမိုင်း ပါမောက္ခအဖွဲ့များနှင့်တွေ့ဆုံ၍ တိမ်မြုပ်ရှားပါးနေသော မြန်မာစာပေနှင့် သမိုင်းစာပေများကို ဖော်ထုတ် လေ့လာခဲ့သည်။

၁၉၉၇ ခုနှစ်တွင် တောင်သမန်ဝန်းကျင် သမိုင်းဝင်နေရာများ စာအုပ်ဖြင့် အမျိုးသားစာပေဆု (သုတပဒေသာ ဝိဇ္ဇာဘာသာရပ်) ကို ရရှိခဲ့သည်။