အင်တိုင်းဂူ

Listing Description

သံတွဲမြို့နယ် ဆင်ဂေါင်းကျွန်း အင်တိုင်းရွာတွင် တည်ရှိသည်။ သဘာဝကျောက်တုံးကြီး ကို ထွင်းထုဖန်တီးထားသော ကျောက်လိုဏ်ဂူတစ်ခု ဖြစ်သည်။ ဂူမျက်နှာပြင်အလျား ၁၅ ပေ၊ အမြင့် ၁၃ ပေ ရှိပြီး ဂူပေါက် သုံးပေါက်ဖောက်ထွင်းထားသည်။  ဂူဝင်ပေါက်တစ်ခုစီသည် အမြင့်လေးပေ၊ အကျယ် တစ်ပေ၊ ၁၀ လက်မ ရှိကြ သည်။ ဂူပေါက်ဝ မျက်နှာပြင်ကို ရှေးခေတ်ရခိုင်ရိုးရာ စိန္တလင်္ကာရ အနုကျောက်ဆစ် လက်ရာများဖြင့် ဖန်တီးထား၍ အလွန်လက်ရာ မြောက်လှပေ၏။ လိုဏ်ဂူအတွင်း၌ ကျောက်ဆင်းတုတော် ထိုင်တော်မူ နှစ်ဆူနှင့် လျောင်းတော်မူတစ်ဆူကို ဖူးမြော်နိုင်သည်။ ခြေတော်ရာတစ်ဆူကိုလည်း ဖူးတွေ့နိုင်သည်။ ဆင်းတုတော်လက်ရာ အနေအထားမှာ လေးမြို့ခေတ်လက်ရာ ဟု သမိုင်းသုတေသီများက ဆိုကြသည်။ ရခိုင်ပြည်နယ်၏ တောင်ပိုင်းဒေသတွင် ရှားပါးသည့်လေးမြို့ခေတ် ကျောက်ထွင်းဂူလက်ရာတစ်ခု ဖြစ်ပါသည်။