ကျောက်စိမ်းစေတီတော်

Listing Description

ကျောက်စိမ်းစေတီတော်သည် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့၊ (ဆင်နွယ်ကျေးရွာအုပ်စု) (ဆင်ရွာမြင်းမှူး ကျေးရွာအုပ်စု၊ မြင်းမှူးကျေးရွာအနီး) ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၏ မိုင်တိုင် (၃၆၁) အနောက်ဘက် ပေ (၆၀၀)ခန့်နှင့် စစ်ကိုင်း-မြစ်ငယ်ကားလမ်း၏ မိုင်တိုင် (၄/၇) တောင်ဘက် ပေ(၁၀၀၀)ခန့်အကွာတွင် တည်ရှိသည်။ ဘွဲ့တော်အပြည့်အစုံမှာ ဝေရောစနကျောက်စိမ်းစေတီတော် ဖြစ်ပြီး ကျောက်စိမ်းများဖြင့် မွန်းမံချယ်သထားသည့် စေတီတစ်ဆူဖြစ်သည်။ ၂၃.၁၂.၂၀၁၂ ရက်နေ့တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၅ ခုနှစ် မေလအတွင်း ထီးတော် တင်လှူပွဲ ကျင်းပခဲ့ပြီး ဖြစ်ပါသည်။ စေတီတော်ကြီးတည်ထားသောအခါ အရည်အသွေး စံချိန်မီ ကျောက်စိမ်း တန်ချိန် တစ်ထောင်ကျော်ကို အလှူရှင် ဦးစိုးနိုင်က ၂၅ နှစ် စုဆောင်းပြီးမှသာ လှူဒါန်းနိုင်ခဲ့ကြောင်း သိရသည်။ စေတီတော်မြတ်ကြီး၏ ဉာဏ်တော်အမြင့်မှာ ထီးတော်မပါ ၇၅'၆"၊ လုံးပတ်တော် ၁၇၆' ဖြစ်သည်။ စေတီတော်၏ အလှူရှင် မိသားစုမှာ သီဟသုဓမ္မမဏိဇောတဓရ ဦးစိုးနိုင်၊ ဒေါ်အေးအေးခိုင် (အေးအေးခိုင် ကျောက်မျက်ကုမ္ပဏီ) မိသားစု ဖြစ်သည်။ စေတီတော်တွင် ကပ်လှူပူဇော်ထားသော ကျောက်စိမ်းများ၏ စုစုပေါင်းတန်ဖိုးမှာ သိန်းပေါင်း (၃၃၄,၆၁၉.၀၃) တန်ဖိုးရှိသည်ဟု ကျောက်စိမ်းရတနာအရည်အသွေး စိစစ်ကြီးကြပ်ရေးကော်မတီ တန်ဖိုးဖြတ်အဖွဲ့က သတ်မှတ်သည်ဟု သိရပါသည်။ အဆိုပါ ကျောက်စိမ်းစေတီအနီးတွင် ဆိုင်ခန်းပေါင်း ၂၁၂၀ ပါဝင်သော ကျောက်မျက်ရတနာဈေး တည်ဆောက်လျှက်ရှိရာ (၂၀၁၉ မှတ်တမ်းအရ) ဆောက်လုပ်ပြီးစီးမှုရာခိုင်နှုန်းမှာ (၃၀x၃၅ပေ) လူနေအိမ် ဆိုင်ခန်း ၇၂ ခန်း (၈၉%)၊ (၂၀x၃၀ပေ) လူနေအိမ်ဆိုင်ခန်း ၄၄၈ ခန်း (၈၉%)၊ (၁၂x၁၂)ပေ ဆိုင်ခန်း ၁၆၀၀ ခန်း ဆောက်လုပ်ဆဲဖြစ်ပါသည်။