ကျိုက္ကစံစေတီတော်

Listing Description

ကျိုက္ကစံစေတီတော်မြတ်ကြီးသည် ဘုရားကိုးဆူ အဓိဋ္ဌာန်ဝင် ဘုရားတစ်ဆူဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်း မြို့နယ်အတွင်း တန်ခိုးကြီးစေတီတော်အဖြစ် ထင်ရှားလျက်ရှိသည်။ စေတီတော်ရှိ ကမ္ပည်းမော်ကွန်းကျောက်စာအရ မဟာသက္ကရာဇ် ၁၁၁ ခုနှစ်တွင် မြတ်စွာဘုရားရှင်သည် ရသေ့ခေါက်အား ပေးသနားတော်မူသည့် ဆံတော်နှစ်ဆူအနက် တစ်ဆူကို တြိယဝင်္ကမင်း၊ ရသေ့ခေါက်နှင့် သိကြားမင်းတို့မှ ပထမပတိတ ကုန်းတော်တွင် ရတနာခုနှစ်ပါးကြုတ်တော် ဌာပနာ၍ ကျိုက္ကစံစေတီတော်ကို တည်ထားခဲ့သည်။ သာသနာသက္ကရာဇ် ၂၃၈ ခုနှစ်တွင် တတိယသံဃာယနာတင် ရဟန္တာအရှင်မောဂ္ဂလိပုတ္တတိဿ၏ တပည့်ရင်းဖြစ်သော ရှင်ယသ၊ ရှင်သောဏ၊ ရှင်သုစိ အမှူးရှိသော ရဟန္တာရှစ်ပါးမှ ဆံတော်ဓါတ်ခြောက်ဆူ၊ ဓါတ်တော် ဆယ်ဆူတို့ကို ဌာပနာ၍ သီဟဒီပမင်းနှင့်အတူ ဒုတိယအကြိမ် သင်တိုင်းရုံ၍ တည်သည်။ စေတီတော်ကြီးတည်ပြီးနောက် ရဟန္တာရှစ်ပါး၏ ဦးစီးခေါင်းဆောင်ဖြစ်သော ရှင်ယသမထေရ်မြတ် ပရိနိဗ္ဗာန်စံတော်မူခဲ့သည်။ ရှင်ယသ၏ အရိုးဓာတ်တော်အား ဌာပနာ၍ တည်ထားသော ရှင်ယသဓာတုစေတီသည် ကျိုက္ကစံစေတီတော်၏ အနောက်တောင်ဘက် ပေ ၁၀၀၀ ခန့်အကွာတွင် တည်ရှိသည်။ ကောဇာသက္ကရာဇ် ၁၁၁၅ ခုနှစ်တွင် စကုမြို့သား ရှင်သာရကိတ္တထေရ်၊ ၁၁၉၄ ခုနှစ်တွင် ဝန်ရှင်တော်မင်းကြီး မင်းလှရာဇာ၊ ၁၂၀၂ ခုနှစ် ပုဂံမင်းလက်ထက်တွင် မဟာမင်းခေါင်ရာဇသူ နှင့် ၁၂၅၉ ခုနှစ်တွင် ဗုဒ္ဓပဋိသင်္ခရဏအသင်းတို့သည် ကျိုက္ကစံစေတီတော်ကြီးအား အသီးသီးပြုပြင်မွမ်းမံခဲ့ကြသည်။ ကောဇာသက္ကရာဇ် ၁၂၇၅ ခု၊ ပြာသိုလဆန်း ၃ ရက်နေ့တွင် ပုဇွန်တောင်မြို့နယ်၊ အိုဘိုရပ်နေ ဦးစံခို၊ ဒေါ်ဒွေးတို့သည် စေတီတော်ကြီးအား လက်ရှိဉာဏ်တော် ၂၀၄ ပေအထိ မြင့်တင်၍ ရွှေထီးတော်၊ ငှက်မြတ်နားတော် အထွတ်တင်လှူခဲ့ရာ ၁၂၈၀ ခုနှစ် တပို့တွဲလပြည့်ကျော် ၄ ရက်နေ့တွင် ပြီးစီးသည်။ ကောဇာသက္ကရာဇ် ၁၃၃၀ ခုနှစ်တွင် ဆေးဝင်္ဂဘာဆရာတော် ဦးသူရိယသည် ရွှေထီးတော် တင်လှူခဲ့သည်။ ၂၀၀၈ ခုနှစ်၊ မေလ ၂ ရက်နေ့တွင် နာဂစ်မုန်တိုင်းဒဏ်ကြောင့် ရွှေထီးတော်ဘုံခုနှစ်ဆင့်အထက်အမှ ပန်းလည်တိုင် ကွေးညွတ်ယိမ်းယိုင်ခဲ့ပါသည်။ ၂၀၁၀ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ကျိုက္ကစံစေတီတော် ဂေါပကအဖွဲ့မှ ဦးဆောင်၍ ရွှေထီးတော်၊ ငှက်မြတ်နားတော် စိန်ဖူးတော်တို့ကို အထွတ်တင်လှူခဲ့သည်။ ကျိုက္ကစံဆံတော်ရှင်စေတီတော်မြတ်ကြီးသည် ပင်လယ်ရေ မျက်နှာပြင်အထက် ၂၃၅.၇၅ ပေရှိပြီး၊ ဉာဏ်တော်သည် မြေပြင်အထက် ၂၄၀.၄၁ ပေမြင့်သည်။ ဘိနပ်တော်အဝန်းသည် ၃၅၈ ပေဖြစ်သည်။