ဖောင်တော်ဦးမြတ်စွာဘုရား

Listing Description

ဖောင်တော်ဦးမြတ်စွာဘုရားသည် မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့၊ ထင်းရှူးခြံရပ်၊ မြို့မရပ်ကွက်အတွင်း တည်ရှိပါသည်။ သက္ကရာဇ် ၄၅၀ ခုနှစ်တွင် အလောင်းစည်သူမင်းကြီးသည် သာသနာပြုရန်အတွက် သရက္ခန်အနှစ်သားဖြင့် ထုလုပ်စီရင်အပ်သော ဗုဒ္ဓရုပ်ပွားတော်မြတ်ကို ဖောင်တော်၏ဦးပိုင်းတွင် ပင့်ဆောင်၍ ပုဂံနေပြည်တော်မှ ရှမ်းပြည်နယ်သို့ရောက်ရှိလာရာ နောင်ချိုမြို့အနီး သုံးဆယ်မြို့ရှိ သီရိဓမ္မာသောကမင်းကြီး တည်ထားကိုးကွယ်ခဲ့သည့် ရွှေစံဦးစေတီတော်မြတ်၌ ဖောင်တော်ဦးတွင် ပင့်ဆောင်လာခဲ့သော သရက္ခန်ဗုဒ္ဓရုပ်ပွားတော်မြတ်တစ်ဆူကို တည်ထားပူဇော်ခဲ့သည်ဟု ဆိုပါသည်။ သက္ကရာဇ် ၁၂၅၂ ခုနှစ်တွင် ဖောင်တော်ဦးရုပ်ပွားတော်မြတ်ကို သုံးဆယ်မြို့မှ မိုးကုတ်မြို့သို့ ပင့်ဆောင်ပြီး ဈေးကျောင်းတိုက်တွင် ပူဇော်ခံထားရှိရာတွင် ဈေးကျောင်းတိုက်၌ လာရောက်ဖူးမြော်သူများပြားလှပြီး ကျောင်းကြီးမှာလည်း အိုဟောင်းပျက်စီးနေသဖြင့် တောင်ရွာကျောင်းကြီးသို့ ပြောင်းရွှေ့ပူဇော်ခဲ့ပါသည်။ တောင်ရွာကျောင်းကြီးသို့ ရောက်သောအခါ ဘုရားဒါယကာကြီး ဦးရွှေလှိုင်းက အာရုဏ်ခံကျောင်းဆောင်နှင့်တကွ မူလအရွယ်လက်လေးသစ်ခန့်ရှိသည့် အလောင်းစည်သူ မင်းကြီး၏ သရက္ခန်နံ့သာနှစ်ဗုဒ္ဓရုပ်ပွားတော်ထက်ကြီးသော ဉာဏ်တော် ၁၈ လက်မခန့်ရှိသည့် ဖောင်တော်ဦးဗုဒ္ဓရုပ်ပွားတော် ပုံတူတစ်ဆူကို ကျောက်မျက်ရတနာများ ဌာပနလျက် ထပ်မံပြုလုပ်လှူဒါန်းပါသည်။ ထိုအခါမှစ၍ ရုပ်ပွားတော်အသေးတစ်ဆူ၊ အကြီးတစ်ဆူ ပေါင်း ၂ ဆူဖြစ်လာရ ပါသည်။ ၁၂၅၆ ခုနှစ်တွင် တောင်ရွာကျောင်းကြီးမှ မိုးကုတ်မြို့အရှေ့ပိုင်း မုံတောအရပ်သို့ ပြောင်းရွှေ့စမ္ပါယ်တော်မူရပါသည်။ ထိုအခါတွင် ဘုရားဒါယကာကြီး ဦးမှိုင်းက ဗုဒ္ဓရုပ်ပွားတော်နှစ်ဆူဉာဏ်တော်ညီတူဖြစ်စေရန် ဉာဏ်တော် ၁၈ လက်မခန့်ရှိ ဗုဒ္ဓရုပ်ပွားတော် တစ်ဆူထပ်မံပြုလုပ်၍ ထိုရုပ်ပွားတော်အတွင်း၌ အလောင်းစည်သူမင်းကြီး၏ သရက္ခန်နံ့သာနှစ် ဗုဒ္ဓရုပ်ပွားတော်မြတ်နှင့်တကွ ရွှေ၊ ငွေ၊ ကျောက်မျက်ရတနာမျိုးစုံတို့ကို ထည့်သွင်းဌာပနာ ပူဇော်ပါသည်။ ဤအချိန်မှစ၍ ရုပ်ပွားတော်နှစ်ဆူ ညီတူဖြစ်လာရပါသည်။ ၁၂၆၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၈ ရက်နေ့တွင် အင်္ဂလိပ်ကျောက်တွင်းကုမ္ပဏီက ကျောက်တွင်းလုပ်ငန်းနယ်မြေမလွတ်သဖြင့် မုံတောအရပ်မှအရှေ့ဘက် နန့်ကောင်တောင်ခြေ (ယခုပိတ်စွယ်ဘုရားငါးဆူတောင်ခြေ)သို့ ပြောင်းရွှေ့ကိုးကွယ်ပူဇော်ရန် စီစဉ်တည်ဆောက်ပေးပြီး ထိုကျောင်းတော်ကြီးကို မုံတောကျောင်းဟုခေါ်တွင်ကြပါသည်။ ၎င်းနောက် ဒုတိယကမ္ဘာစစ်အတွင်း မဟာမိတ်လေယာဉ်ပျံများ ဗုံးကျဲသဖြင့် ဂန္ဓကုဋိတိုက်တော်ကြီးကို မီးလောင်နေစဉ် မိုးကုတ်မြို့အရှေ့ပိုင်းရပ်နေ ဦးလေးတာ၊ ဦးမူ၊ ဦးအောင်လှကြီး၊ ဦးစိန်ထွန်းတို့က သက်စွန့်သံဖျား မီးထဲသို့ဝင်ရောက်ပြီး မီး တောက်များဝိုင်းနေသည့်အကြားတွင် မီးမခပဲကျန်ရှိသော ထူးဆန်းအံ့သြဖွယ်ကောင်းလှသည့် ဖောင်တော်ဦးဗုဒ္ဓရုပ်ပွားတော်များကို ပင့်ဆောင်နိုင်ခဲ့ကြပါသည်။ ၁၃၀၉ ခုနှစ်၊ တပို့တွဲလဆန်း ၁၀ ရက်နေ့၌ ထင်းရူးခြံရပ်တောင်တော်တွင် အလျား ၁၆၀ ပေ၊ အနံ ၄၈ ပေ၊ အမြင့် ၇၀ ပေ၊ ဘုံကိုးဆင့်ရှိ ပြဿဒ်တော်ကြီး ပါဝင်သည့် ဂန္ဓကုဋိတိုက်တော်ကြီးတွင် ဖောင်တော်ဦးဗုဒ္ဓရုပ်ပွားတော်မြတ်များကို ပူဇော်ခံကာ မိုးကုတ်မြို့နယ် သြဝါဒစရိယဆရာတော်ကြီးများနှင့် ရပ်ကွက်အသီးသီးမှ ဂေါပကအဖွဲ့ဝင်များ၊ မြို့မိမြို့ဖတို့မှ ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြပါသည်။ ယခုအခါ ဖောင်တော်ဦးရုပ်ပွားတော်နှစ်ဆူသည် အများပြည်သူတို့လှူဒါန်းထားသော မိုးကုတ်တွင်းထွက် ကျောက်မျက်ရတနာမျိုးစုံဖြင့် စီခြယ်အပ်သော ရွှေသားခံ၊ ငွေသားခံပတ္တမြားပလ္လင်တော်နှစ်ဆူ၊ သင်းကျစ်တော်နှစ်ဆူနှင့် ရတနာစီခြယ်ထားသော ရွှေပန်းခိုင်တို့ဖြင့် ကြည်ညိုဖွယ်ရာ ဖူးမြော်မြင်တွေ့နိုင်ပါသည်။ ဖောင်တော်ဦးဘုရား အနီးတွင် ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းဒေသနာတော်ကို ဟောကြားလမ်းညွှန်ခဲ့တော်မူအပ်သော ရဟန္တာအရှင်သူမြတ် မိုးကုတ်ဆရာတော်ဘုရားကြီး၏ ကြွင်းကျန်ရစ်သော ဓါတ်တော်အစစ်များနှင့် သက်တော်ထင်ရှားရှိစဉ်က အသုံးပြုခဲ့သော အသုံးအ ဆောင်ပစ္စည်းများကို သွားရောက်ဖူးမြော်ကြည်ညိုနိုင်ပါသည်။