ဆုတောင်းပြည့်မယ်လမုစေတီတော်

Listing Description

မယ်လမုစေတီတော်သည် ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်၊ ၂ ရပ်ကွက်၊ ငမိုးရိပ်ချောင်းဘေးတွင် တည်ရှိသည်။ မယ်လမုစေတီတော်သို့ ဝင်သည့် မုဒ်ဦးတွင် ဥက္ကလာပမင်းကြီး၏ မယ်တော် မယ်လမုရုပ်တုနှင့် သိကြားမင်း ရုပ်တုကိုတွေ့မြင်နိုင်သည်။ မယ်လမုစေတီတော်နှင့် ပတ်သက်၍ ဒဏ္ဍာရီ တစ်ခုမှာ ရသေ့ကြီးတစ်ပါးမှ ဆွမ်းခံကြွစဉ် လမုအပင်တစ်ပင်မှ အလွန်ကြီးမားသော လမုအသီးတစ်လုံးကို တွေ့ရှိသဖြင့် မိမိကျောင်းသင်္ခန်းသို့ ခူးဆွတ်ယူဆောင်လာရာ လမုအသီးထဲမှ အလွန်ချောမောလှပသော မိန်းကလေးငယ်တစ်ယောက်ပေါ်ထွက်လာခဲ့သည်။ ထိုမိန်းကလေးငယ်အား လမုပင်မှမွေးဖွားသဖြင့် မယ်လမုဟု ရသေ့ကြီးမှ အမည်ပေးခဲ့သည်။ မယ်လမုအား ရသေ့ကြီးမှ အဓိဌာန်ဖြင့် မိမိလက်ညိုးမှ နို့ရည်ချိုထွက်စေကာ ကျွေးမွေးပြုစုစောင့်ရှောက်ခဲ့ပြီး အရွယ်ရောက်လာသောအခါ လုလင်ပျိုတစ်ဦးနှင့် လက်ထပ်စေကာ ၎င်းတို့နှစ်ဦးမှ ဥက္ကလာပမင်းသားငယ်ကို ဖွားမြင်သည်။ ဥက္ကလာပမင်းသား နန်းတက်ပြီးနောက် မယ်တော်မယ်လမု ကျေးဇူးအထိန်းအမှတ်အနေဖြင့် စေတီတဆူတည်ထားခဲ့ပြီး နောက်ပိုင်းတွင် မယ်လမုစေတီတော် ဟု ခေါ်ဝေါ်ခဲ့ကြပါသည်။ ခရစ်နှစ် ၁၉၅၈ ခုနှစ်ခန့်တွင် သုဓမ္မာလမ်း၏ အရှေ့ဘက်တွင် ဘုရားငုတ်တိုအဖြစ် တည်ရှိနေပြီး စေတီတော်အပေါ်တွင်လည်း နဘဲပင်ကြီး ပေါက်ရောက်လျက်ရှိသည်။ ၁၉၆၀ ခုနှစ်တွင် ဒါယိကာမကြီး ဒေါ်စောညွန့်ရီတို့အဖွဲ့မှ ထိုစေတီပျက်ကြီးအား လာရောက်ဖူးမြော်ရာ မမျှော်လင့်ဘဲ စေတီတော်အပေါ်၌ နှစ်ပေါင်း ၄၀၀ ကျော် ၅၀၀ ခန့်သက်တမ်းရှိ မှန်စီရွှေချ ကြုတ်တခု တွေ့ရှိခဲ့သည်။ ယင်းကြုတ်အတွင်းတွင် မိန်းမပုံထုလုပ်ထားသော ရုပ်ထုတစ်ခုရှိပြီး ၎င်းရုပ်ထုမှာ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ အလယ်ပစ္စယံတွင် သိကြားမင်း၏ ပုံတော်အောက်၌ရှိသော မယ်လမုရုပ်ထုနှင့် လက်အနေအထား အနည်းငယ်ကွဲသည်မှတစ်ပါး ဦးခေါင်း၊ ဆံထိုး၊ ထိုင်နေဟန်တို့မှာ တူညီကြောင်းတွေ့ရှိရပါသည်။  ဤအထောက်အထားများကို ထောက်ရှု၍ ဒေါ်စောညွန့်ရီတို့အဖွဲ့မှ စေတီပျက်ကို ဖြိုဖျက်၍ ၎င်းစေတီပျက်မှ ရရှိသော ဆင်းထုတော်များကို ဌာပနာပြီး စေတီတော်တည်ထားခဲ့ရာ ဆုတောင်းပြည့် မယ်လမုစေတီတော် ဟူ၍ ဘွဲ့အမည်တော် သမုတ်ခဲ့ကြပါသည်။ စေတီတော်မြတ်ကြီး၏ ပရဝုဏ်အတွင်းတွင်တည်ရှိနေသည့် သာသနိကအဆောက်အအုံ အထိမ်းအမှတ် ရုပ်တုများသည် ဗုဒ္ဓဝင်ပြခန်းသဖွယ်ရှိနေပြီး ပြခန်းများမှာ ဗုဒ္ဓသာသနာသမိုင်းတွင် ထင်ရှားသော ဇာတ်လမ်းအဖြစ်အပျက်များကို ရုပ်ထုပုံသွင်း ပြသထားပါသည်။

ဆက်စပ်ကြည့်ရှုရန်လင့်

သင်ကိုယ်တိုင် ပြင်ဆင် ဖြည့်စွက်ရန်

Listing Review

2023-03-30 18:02:39

မင်္ဂလာပါ