ကျိုက္ကလဲ့စေတီတော်

Listing Description

ကျိုက္ကလဲ့စေတီတော်သည် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ရန်ကုန်-မန္တလေး ကားလမ်းမကြီး ဘေးတွင် တည်ရှိပါသည်။ စေတီတော်၏ သမိုင်းအရ သာသနာသက္ကရာဇ် ၂၁၈ ခုနှစ်တွင် ပါဋလိပုတ်ပြည်မှ ဓမ္မာသောကမင်းကို အမှီပြု၍ တတိယသင်္ဂါယနာတင်ပြီးနောက် ရှင်မဟာမောဂ္ဂလိပုတ္တတိဿထေရ်၏တပည့် အရှင်ယသ၊ အရှင်သောဏ၊ အရှင်သုစိ၊ အစရှိသော ရဟန္တာရှစ်ပါးတို့သည် ရာမညတိုင်းသို့ သာသနာတော်ပြုရန် ဓာတ်တော်မွေတော်တို့ကို ပင့်ဆောင်၍ကြွချီလာရာ ဓာတ်တွေမွေတော်များကို သီဟဒီပမင်းအား ပေးလေသည်။ သီဟဒီပမင်းသည် ကကုသန်ဘုရားရှင်လက်ထက်က မြတ်စွာဘုရားရှင်နှင့် နတ်ဘီလူးမင်းတို့ ကိုယ်ဝှက်တမ်း တန်ခိုးပြိုင်ကြရာနေရာတွင် နတ်ဘီလူးရှုံး၍ ပန်းပေးသော တစ်နည်းအားဖြင့် မြတ်စွာဘုရားကိုယ်ထင်ပြသော နေရာတွင် ကျိုက်ဒေးကလော့ ခေါ် ကျိုက္ကလော့စေတီနှင့် ဘီလူးမင်းက မြတ်စွာဘုရားရှင်ကို ရှာဖွေ၍မရသောကြောင့် မြတ်စွာဘုရားပျောက်ကွယ်သည်ဟု ပြောဆိုသောနေရာ၌ ကျိုက်ဒေးကလဲ့ ခေါ် ကျိုက္ကလဲ့စေတီတို့ကို ဓာတ်တော်မွေတော်များဌာပနာ၍ တည်ထားခဲ့သည်ဟု သိရပါသည်။ မွန်ဘာသာအရ ကျိုက် ဆိုသည်မှာ ဘုရား၊ ဒေးကလဲ့ သည် ပျောက်သောကုန်း ၊ ဘုရားပျောက်သောကုန်း ဟု အဓိပ္ပာယ်ရပါသည်။ ကျိုက္ကလဲ့စေတီတော်ကြီးကို သက္ကရာဇ် ၇၄၅ ခုနှစ်တွင် ရာဇာဓိရာဇ်မင်းမှ ပြုပြင်မွမ်းမံခဲ့ပါသည်။ ဓမ္မစေတီမင်းလက်ထက်တွင်လည်း သီဟိုဠ်ကျွန်းမှ ပင့်ဆောင်လာသော ရုပ်ပွားတော်နှစ်ဆူကို ဌာပနာ၍ ထပ်မံပြုပြင်မွမ်းမံခဲ့ပါသည်။ သက္ကရာဇ် ၁၂၅၉ ခုနှစ်တွင် အင်းစိန်အပိုင် စမ်းကြီးဝရွာသူကြီးနှင့် ဒါယကာများက စုပေါင်းပြင်ဆင်ကြ၍ ၁၂၆၄ ခုနှစ်တွင်ပြီးစီးကာ ၁၂၆၆ ခုနှစ်တွင် အုတ်ဖိုရွာ ဒေါ်ကျော့မှ ထီးတော်တင်လှူဒါန်းခဲ့ပါသည်။ ထို့နောက် သက္ကရာဇ် ၁၂၉၀ ခုနှစ်တွင် ကျိုက္ကလဲ့စေတီတော်ကြီးကို ထပ်မံပြုပြင်မွမ်းမံခဲ့ရာ ယခုအခါ ဉာဏ်တော် ၉၆ ပေရှိသည့် စေတီတော်မြတ်ကြီးကို ကြည်ညိုသပ္ပာယ်စွာ ဖူးမြော်မြင်တွေ့နိုင်ပါသည်။ စေတီတော်ကြီးတွင် နှစ်စဉ် ဗုဒ္ဓပူဇနိယပွဲ၊ ပဌာန်းပွဲ၊ညောင်ရေသွန်းပွဲများ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိပါသည်။