ကျိုက္ကလော့စေတီတော်

Listing Description

ကျိုက္ကလော့စေတီတော်သည် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပြည်တော်သာရပ်ကွက်တွင် တည်ရှိသည်။ စေတီတော်၏ သမိုင်းအရ သာသနာသက္ကရာဇ် ၂၁၈ ခုနှစ်တွင် ပါဋလိပုတ်ပြည်မှ ဓမ္မာသောကမင်းကို အမှီပြု၍ တတိယသင်္ဂါယနာတင်ပြီးနောက် ရှင်မဟာမောဂ္ဂလိပုတ္တတိဿထေရ်၏တပည့် အရှင်ယသ၊ အရှင်သောဏ၊ အရှင်သုစိ၊ အစရှိသော ရဟန္တာရှစ်ပါးတို့သည် ရာမညတိုင်းသို့ သာသနာတော်ပြုရန် ဓာတ်တော်မွေတော်တို့ကို ပင့်ဆောင်၍ကြွချီလာရာ ဓာတ်တွေမွေတော်များကို သီဟဒီပမင်းအား ပေးလေသည်။ သီဟဒီပမင်းသည် ကကုသန်ဘုရားရှင်လက်ထက်က မြတ်စွာဘုရားရှင်နှင့် နတ်ဘီလူးမင်းတို့ ကိုယ်ဝှက်တမ်း တန်ခိုးပြိုင်ကြရာနေရာတွင် နတ်ဘီလူးရှုံး၍ ပန်းပေးသော တစ်နည်းအားဖြင့် မြတ်စွာဘုရားကိုယ်ထင်ပြသော နေရာတွင် ကျိုက်ဒေးကလော့ ခေါ် ကျိုက္ကလော့စေတီနှင့် ဘီလူးမင်းက မြတ်စွာဘုရားရှင်ကို ရှာဖွေ၍မရသောကြောင့် မြတ်စွာဘုရားပျောက်ကွယ်သည်ဟု ပြောဆိုသောနေရာ၌ ကျိုက်ဒေးကလဲ့ ခေါ် ကျိုက္ကလဲ့စေတီတို့ကို ဓာတ်တော်မွေတော်များဌာပနာ၍ တည်ထားခဲ့သည်ဟု သိရပါသည်။ မွန်ဘာသာအရ ကျိုက် ဆိုသည်မှာ ဘုရား၊ ဒေးကလော့မှာ နတ်ဘီလူးရှုံးသောနေရာ တစ်နည်းအားဖြင့် ဘုရားကိုယ်ထင်ပြသောနေရာဟု အဓိပ္ပာယ်ရပါသည်။ ကျိုက္ကလော့စေတီတော်ကြီးကို ရာဇာဓိရာဇ်မင်းကြီးလက်ထက်တွင် တစ်ကြိမ်၊ ဘုရင်မကြီး ရှင်စောပုလက်ထက်တွင်တစ်ကြိမ် ပြန်လည်မွမ်းမံတည်ထားခဲ့သည်ဟု ဆိုပါသည်။ မြန်မာသက္ကရာဇ် ၁၃၅၆ ခုနှစ် နတ်တော်လဆုတ် ၄ ရက်၊ ခရစ်သက္ကရာဇ် ၂၁.၁၂.၁၉၉၄ ခုနှစ်တွင် ကျိုက္ကလော့စေတီတော် ဘဏ္ဍာတော်ထိန်းအဖွဲ့နှင့် ရွှေတိဂုံစေတီတော် ဝေယျာဝစ္စအသင်းသား အသင်းသူများစုပေါင်း၍ ကျိုက္ကလော့ကျောင်းတိုက်ဆရာတော် ဘန္ဒန္တဥတ္တမသာရ၏ ဩဝါဒကိုခံယူ၍ ဉာဏ်တော်အမြင့် အထက်ပစ္စယံဖိနပ်တော်မှ စိန်ဖူးတော်အထိ ပေပေါင်း ၁၁၈ ပေ ၇ လက်မရှိသော သမိုင်းဝင်ကျိုက္ကလော့စေတီတော်မြတ်ကြီးကို ပြန်လည်ပြုပြင် မွမ်းမံတည်ထားခဲ့ပါသည်။ စေတီတော်ကြီးတွင် နှစ်စဉ် ဗုဒ္ဓပူဇနိယပွဲ၊ ပဌာန်းပွဲ၊ညောင်ရေသွန်းပွဲများ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိပါသည်။