ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်

Listing Description

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် ရန်ကုန်မြို့လယ်မှ ‌မြောက်ဘက် ၁၅ကီလိုမီတာအကွာ မင်္ဂလာဒုံမြို့နယ် ရန်ကုန်မြို့တွင် တည်ရှိပါသည်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သည် မြန်မာနိုင်ငံတွင် ဒုတိယအကြီးဆုံး လေဆိပ်ဖြစ်ပြီး မြန်မာနိုင်ငံ၏ လုပ်ငန်းအများဆုံး အပြည်ပြည်ဆိုင်ရာ လေဆိပ်ဖြစ်ပါသည်။ Calcutta Metropolitan Airports Authority မှ ၁၉၄၇ ခုနှစ်၊ ဒုတိယကမ္ဘာစစ်ကြီးအတွင်းတွင် တည်ဆောက်ခဲ့ကြသည်။ လေဆိပ်အဆောက်အဦး (၃) ခု တည်ရှိပြီး လေဆိပ်အဆောက်အဦး (၁) နှင့် (၂) မှာ ပြည်ပ ခရီးစဉ်များအတွက် အသုံးပြုကာ လေဆိပ်အဆောက်အဦး (၃) မှာ ပြည်တွင်း ခရီးစဉ်များအတွက် အသုံးပြုသည်။

လေဆိပ်အဆောက်အဦး (၁)

၂၀၁၄ ဩဂုတ်လတွင် စတင်တည်ဆောက်ခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း ၆၆၀ ရင်းနှီးမြှုပ်နှံ တည်ဆောက်ခဲ့ပါသည်။ အဆောက်အဦးသစ်သည် အလျား ၂၄၀ မီတာ၊ အကျယ် ၉၄.၇ မီတာ ရှိ မြေအောက်ထပ် အပါအဝင် ၆ ထပ် ပါဝင်ပါသည်။ မြေအောက်ထပ်တွင် ထွက်ခွာ၊ ဆိုက်ရောက် ခရီးသည်အိတ်များ ကိုင်တွယ်မှု ဧရိယာ၊ Check-In ခန်းမ၊ ဆိုက်ရောက်ခရီးသည်များအတွက် လူဝင်မှုကြီးကြပ်ရေး ကောင်တာများ၊ အကောက်ခွန် နှင့် ဈေးဆိုင်ခန်းများ ပါဝင်ပါသည်။ ပထမထပ်တွင် နိုင်ငံကူးလက်မှတ် စစ်ဆေးရေးကောင်တာ၊ လုံခြုံရေး စစ်ဆေးရေးဂိတ်၊ ထွက်ခွာဂိတ်များနှင့် ဈေးဆိုင်များ ပါဝင်ပါသည်။ ဒုတိယထပ်တွင် ဈေးဆိုင်များနှင့် တတိယထပ်တွင် အပန်းဖြေရန် နေရာများ ပါဝင်တည်ဆောက်ထားပါသည်။ ပိုင်အိုးနီးယား အေရိုဒရုန်း ကုမ္ပဏီက တည်ဆောက်ပေးထားပြီး ယခင်က တစ်နှစ်လျှင် ခရီးသည် ၂.၇ သန်း ဝန်ဆောင်မှု ပေးနိုင်ရာမှ ယခုအခါ ခရီးသည် သန်း ၂၀ ခန့် ဝန်ဆောင်မှုပေးနိုင်မည် ဖြစ်ပါသည်။

လေဆိပ်အဆောက်အဦး (၂)

စင်ကာပူအခြေစိုက် CPG Corporation ၏ လေဆိပ်အဆင့်မြှင့်တင်ရေးဌာနမှ ဒီဇိုင်း ရေးဆွဲကာ မြန်မာနိုင်ငံ၏ ရှေ့ပြေး ဆောက်လုပ်ရေး ကုမ္ပဏီ တစ်ခုဖြစ်သော Asia World မှ အမေရိကန်ဒေါ်လာ ၁၃.၃သန်း အကုန်အကျခံကာ တည်ဆောက်ခဲ့ပါသည်။ တာမီနယ် အသစ်သည် ဆိုက်ရောက်ခရီးသည် ၉၀၀၊ ထွက်ခွာခရီးသည် ၉၀၀ ကို တစ်ပြိုင်တည်း ဝန်ဆောင်မှုပေးနိုင်ပါသည်။ လေဆိပ်ကြီးတစ်ခုလုံး၏ဒီဇိုင်းနှင့် အသေးစိပ်ကို အပြည်ပြည်ဆိုင်ရာလေကြောင်းပို့ဆောင်ရေးအဖွဲ့အစည်း (IATA) ၏ သတ်မှတ်ချက်များ၊ အပြည်ပြည်ဆိုင်ရာ ပြည်သူပြည်သားနှင့် ဆိုင်သောလေကြောင်းပို့ဆောင်ရေးအဖွဲ့အစည်း (ICAO) ၏ လုံခြုံရေးသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိစေရန် စင်ကာပူဒေါ်လာ သန်း ၃၀ အသုံးပြုထားပါသည်။ ဘိုးရင်း ၇၄၇ လေယာဉ်ကြီးများဆိုက်ကပ်နိုင်သည့် ခရီးသည်ပို့ဆောင်သောရွေ့လျားတံတား ၄ ခု၊ အစိုးရ အရာရှိများ နှင့် စီးပွားရေးသမားများ အတွက် နားနေခန်းများ၊ မော်တော်ယာဉ် အစီးရေ ၃၄၀ ဆံ့သော နှစ်ထပ်ကားပါကင်တစ်ခုပါဝင်ပါသည်။

လေဆိပ်အဆောက်အဦး (၃)

လေဆိပ်အဆောက်အဦး (၂) တည်ဆောက်ပြီးစီးပြီးနောက် ပြည်ပခရီးစဉ်များ အားလုံးကို လေဆိပ်အဆောက်အဦး (၂) သို့ ပြောင်းရွေ့လိုက်ပါသည်။ လေဆိပ်အဆောက်အဦး အဟောင်းမှာ ပြည်တွင်းခရီးစဉ်များသာ ကျန်ရှိခဲ့ပါသည်။ ထို့နောက် လေဆိပ်အဆောက်အဦးအဟောင်း နေရာတွင် အဆောက်အဦးထပ်မံတည်ဆောက်ရန်အတွက် ပြည်တွင်းခရီးစဉ်များအားလုံးကို အရေးကြီးပုဂ္ဂိုလ်များ အဆောင်သို့ ရွေ့ပြောင်းလိုက်သည်။ လေဆိပ်အဆောက်အဦးကို ဖျက်၍ အသစ်တည်ဆောက်သော အဆောက်အဦး (၁) မှာလည်း ပြည်ပ ခရီးစဉ်များအတွက်သာ အသုံးပြုခဲ့သည်။ လေဆိပ်အဆောက်အဦး (၂) အနီးတွင် လေဆိပ်အဆောက်အဦး (၃) ကို တည်ဆောက်ကာ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့မှ စတင်ကာ ပြည်တွင်းခရီးစဉ်များအားလုံးအတွက် အသုံးပြုခဲ့ပါသည်။