လှော်ကားသဘာဝဥယျာဉ်

Listing Description

လှော်ကား သဘာဝ ဥယျာဉ်သည် ရန်ကုန်တိုင်းဒေသကြီး ၊ မင်္ဂလာဒုံမြို့နယ် ၊ ထောက်ကြံ့အနီး တည်ရှိပြီး  ရန်ကုန်မြို့ ဆူးလေဘုရားမှ ၂၂ မိုင် ကွာဝေးကာ ၆၂ ဧက ကျယ်ဝန်းသော တိရစ္ဆာန် ဥယျာဉ်ငယ် ၊ ၈၁၈ ဧက ကျယ်ဝန်းသည့် သဘာဝဥယျာဉ်နှင့် ကြားခံနယ်မြေ ၆၆၀ ဧက ရှိသဖြင့် စုစုပေါင်း ၁၅၄၀ ဧက အကျယ်အဝန်း ပေါ်ရှိ ကျေးငှက်တိရစ္ဆာန်များအား သဘာဝအတိုင်း မြို့ပြအနီးအနားတွင် လေ့လာနိုင်သော နေရာတစ်ခု ဖြစ်ပါသည်။ ယခင်က လှော်ကား ကန်ပတ်လည်တွင် ဒရယ် ၊ ဂျီ၊ တောဝက်၊ ကြက်၊ ဘဲ ၊ ငှက်များ ပေါများသဖြင့် ၁၉၅၆ ခုနှစ်တွင် ဆဌမ သံဃာယနာတင် အထိမ်းအမှတ်အဖြစ် လှော်ကားကန်ပတ်လည်အား ဘေးမဲ့တောအဖြစ် သတ်မှတ်ခဲ့ပါသည်။ ယင်းနောက် ၁၉၈၁-၈၂ ခုနှစ်မှ စ၍ မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂဖွံ့ဖြိုးရေးတို့ ပူးပေါင်း၍ သဘာ၀ထိန်းသိမ်းရေးနှင့် အမျိုးသား ဥယျာဉ်များတည်ထောင်ရေးစီမံကိမ်း အစီအစဉ်အရ လှော်ကားသဘာဝဥယျာဉ်အဖြစ် တည်ထောင်ခဲ့ပါသည်။ ၁၉၈၉ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် ပြည်တွင်း ၊ ပြည်ပ ဧည့်သည်များ ကြည့်ရှုလေ့လာနိုင်ရန် စတင်ဖွင့်လှစ်ခဲ့ပါသည်။ သဘာဝဥယျာဉ်အတွင်း နားနေစခန်း ၄ ခုရှိပါသည်။ နားနေစခန်း(၁) တွင် ရိုးရာတဲများနှင့် ဆင်စီးစခန်းရှိသဖြင့် ဧည့်သည်များ ပျော်ရွှင်စွာ အပန်းဖြေ အနားယူနိုင်ခြင်း၊ နားနေစခန်း (၂)တွင် ဘန်ဂလို၊ သစ်လုံးအိမ်၊ ရိုးရာတဲ၊ ရေလယ်ကျွန်း၊ ကန်ပတ်လမ်း နှင့် စခန်း (၁)နှင့် (၂) ဆက်သွယ်ထားသော ဗေလု၀ကြိုးတံတား ရှိသဖြင့် အစုအဖွဲ့ ၊ မိသားစုများအနေဖြင့်၊ ဂိမ်းကစားခြင်း၊ စုံညီပွဲတော်များ လွတ်လပ်ပျှော်ရွှင်စွာ စိတ်အပန်းဖြေ အနားယူနိုင်ခြင်းနှင့် ဆောင်းခိုငှက်များကို စောင့်ဆိုင်းကြည့်ရှုရန် အကောင်းဆုံး နေရာတစ်ခုဖြစ်ပြီး နားနေစခန်း (၃) တွင် ကျွန်းများ၏ အလှအပ၊ ကန်ရေပြင် အလှအပများကို ကန်စပ်တစ်လျောက်ရှိ နားနေထိုင်ခုံများမှ ကြည့်ရှုခံစားနိုင်ခြင်း၊ ဧည့်သည်များ အပန်းဖြေရန် စားသောက်ဆိုင် တစ်ခုလည်း ရှိခြင်းကြောင့် လူကြိုက်အများဆုံး နေရာတစ်ခုဖြစ်ပြီး နားနေစခန်း (၄)တွင် ရေပေါ် Decking မှ ကန်ရေပြင် အလှအပများနှင့် သဘာဝ လေနုအေးများကို ခံစားခြင်း၊ မြန်မာ့ရိုးရာ နားနေဆောင် ရှိခြင်း တို့ကြောင့် စိတ်နှစ်သက်စေသည့် နေရာတစ်ခုဖြစ်ပါသည်။ လှော်ကားသဘာ၀ဥယျာဉ်ကို ရန်ကုန်မြို့တော်ရေပေးဝေသည့် လှော်ကားသဘာ၀တောကို ထိန်းသိမ်းရန် ၊ သဘာဝဥယျာဉ်အတွင်း ပေါက်ရောက်သည့် သဘာဝအပင်များ ၊ ကျက်စားသည့် တောရိုင်း တိရစ္ဆာန်များနှင့် ၎င်းတို့ ၏ဂေဟစနစ်ကို ထိန်းသိမ်းကာကွယ်ရန်၊ ပြည်တွင်း ပြည်ပ ဧည့်သည်များ သဘာဝ ဥယျာဉ် နယ်မြေအတွင်း လေ့လာရင်း အပန်းဖြေ အနားယူနိုင်ရန်၊ ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းများကို လူအများ သိရှိနားလည်ပြီး ပါဝင်ပူးပေါင်း ဆောင်ရွက်စေရေးအတွက် စည်းရုံးရန် ၊ သဘာဝအခြေခံ ခရီးသွားလုပ်ငန်း တိုးမြှင့်ဆောင်ရွက်ရေးကို အထောက်အကူပြုရန် ဟူသော ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ပြသလျက် ရှိပါသည်။