ရွှေဘုန်းပွင့်စေတီတော်

Listing Description

ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်၊ ၇ ရပ်ကွက်၊ ဦးရွှေဂွန်းလမ်းတွင် တည်ရှိသည်။ စေတီတော်၏ ဉာဏ်တော်အမြင့်မှာ ၉၃ ပေ ၁၀ လက်မရှိသည်။ အရံစေတီ ၁၆ ဆူ၊ မုခ်ဦး ၁၆ ခုတွင် ဆင်းတုတော် ၁၆ ဆူနှင့် စေတီအောက်ခြေ ပတ်ပတ်လည်မှာ ဆင်းတုတော် ၁၀၈ ဆူ ပါရှိသည်။ စေတီတော်မြတ်ကြီး၏ သမိုင်းအရ တပုဿနှင့် ဘလ္လိကညီနောင်နှစ်ပါးသည် ဗုဒ္ဓဘုရားရှင် ပေးသနားလိုက်သော ဆံတော်များကို တွံတေးမြို့ မေရုတကုန်းမြေသို့ သို့ပင့်ဆောင်လာရာ ဥက္ကလာပမင်းကြီးမှ စည်ကားသိုက်မြိုက်စွာ ကြိုဆိုပြီး ဆံတော်များကို မင်္ဂလာဆင်တော်ဖြင့် ပင့်ဆောင်၍ အပူဇော်ခံရာတွင် ယခင်ကျွန်းကုန်းကလေး၊ ကျင်းပြဲဟု ခေါ်သော ယခုရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး တည်ထားရာသို့ရောက်သောအခါ ဆင်တော်မှာ ဝပ်နေသောကြောင့် သင်္ကာမကင်းဖြစ်ပြီး ဆံတော်ကြုပ်ကို ဖွင့်၍စစ်ဆေးကြည့်ရှုခဲ့သည်။ ထိုဆင်တော်ဝပ်ခဲ့သောနေရာတွင် ဥက္ကလာပမင်းကြီးမှ ကျောက်တိုင်စိုက်ထူထားခဲ့ပြီး ဆံတော်နဝရတ်ကြုတ်ဖွင့်တော်မူသည့်နေရာကို အစွဲပြု၍ ရွှေကြုတ်ဖွင့် စေတီတော်ဟု ဘွဲ့တော်ဖြစ်ခဲ့ပါသည်။ နှစ်ပေါင်းကြာလာသောအခါ ရွှေကြုတ်ဖွင့်စေတီတော်မှာ ချုံနွယ်ပိတ်ပေါင်းများဖြင့် ဖုံးအုပ်လျက်ရှိပါသည်။ ၁၈၅၂ ခုနှစ်တွင် အိန္ဒိယနိုင်ငံမှရောက်ရှိလာသူ ဗုဒ္ဓဘာသာဝင် မူလိယပ္ပိမှ မြေယာခုတ်ထွင်ရှင်းလင်းရာတွင် တောင်ကုန်းကြီးတစ်ခုပေါ်မှ စေတီတော်ဟောင်းကြီးတစ်ဆူတွေ့ရှိသဖြင့် ထီးတော်ပြန်လည်တင်ကာ မူလရွှေကြုတ်ဖွင့်စေတီတော်မှ ရွှေဘုန်းပွင့်စေတီတော် ဟု ဘွဲ့အမည်ဆက်ကပ် ခဲ့ပါသည်။ ၁၉၂၈ ခုနှစ်တွင် ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး အင်္ဂတေများ အက်ကွဲသွားသောကြောင့် မနောမယဆရာတော်ကြီးနှင့် ဂေါပကအဖွဲ့များညှိနှိုင်း၍ စေတီတော်ကို ခြုံငုံ၍ အသစ်ပြန်လည်တည်ထားခဲ့ပါသည်။ စေတီတော်မြတ်ကြီးတွင် မနောမယဆရာတော်ကြီးမှ စေတီတော်၏ ထီးတော်ငှက်မြတ်နားတွင် ထည့်သွင်းလှူဒါန်းခဲ့သည့် ဝိဇ္ဇာဇော်ဂျီရုပ်တုနှင့် သိကြားမင်းရုပ်တုနှစ်ခု ထူးခြားစွာ တည်ရှိလျက်ရှိသည်။