ထောက်ကြန့်မဟာမိတ်စစ်သင်္ချိုင်း

Listing Description

ထောက်ကြန့်မဟာမိတ်စစ်သင်္ချိုင်းသည် ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်-ပြည်လမ်း၊ ထောက်ကြန့်လမ်းဆုံအနီး ခြံအမှတ် (၁) တွင် တည်ရှိပါသည်။ မြန်မာနိုင်ငံတွင် ဟံသာဝတီစစ်သင်္ချိုင်း၊ ထောက်ကြန့်စစ်သင်္ချိုင်းနှင့် သံဖြူဇရပ်စစ်သင်္ချိုင်းဟူ၍ စစ်သင်္ချိုင်းသုံးခုရှိပြီး ယခု ထောက်ကြန့်စစ်သင်္ချိုင်းကို ၁၉၅၁ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း ကျဆုံးခဲ့သော မဟာမိတ်စစ်သား ၆၃၇၄ ယောက်ကို မြုပ်နှံထားသော စစ်သင်္ချိုင်းကြီးဖြစ်ပြီး ထိုအထဲမှ ၅၂ ဦးမှာ ပထမကမ္ဘာစစ်အတွင်း ကျဆုံးခဲ့သော စစ်သားများ ဖြစ်ကြသည်။ အဆိုပါ ဂူသင်္ချိုင်းများထဲမှ ၈၆၇ ဂူမှာ အမည်နာမများ မတပ်နိုင်သော အမည်မသိစစ်သည်များ၏ ဂူများဖြစ်ကြပါသည်။ အုတ်ဂူ ၆၃၇၄ ခုတွင် အိန္ဒိယလူမျိုးစစ်သည် ၁၈၁၉ ဦးတို့၏ အမှတ်တရဂူများပါဝင်သည်။ စစ်သင်္ချိုင်း၏ အလယ်ရှိ အဆောက်အဦးအတွင်းမှ အထိန်းအမှတ်ကျောက်တိုင်ကြီးများပေါ်တွင် ဒုတိယကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံ ဒေသအသီးသီး စစ်မြေပြင်များ၌ ကျဆုံးခဲ့သော ဓနသဟာယနိုင်ငံများမှ စစ်သည် ၂၇၀၀၀ ၏ အမည်များ ရေးထိုးထားပါသည်။ ထောက်ကြံ့စစ်သင်္ချိုင်းတွင် မြုပ်နှံထားသော စစ်သားများထဲတွင် အင်္ဂလိပ်အစိုးရက ပေးအပ်သော ဗစ်တိုးရီးယားထူးချွန်စစ်သည်တံဆိပ် (Victoria Cross) ဆုရရှိသူ ခုနှစ်ဦးပါဝင်ပါသည်။ ထောက်ကြန့်စစ်သင်္ချိုင်းအား ဓနသဟာယစစ်သင်္ချိင်းကော်မရှင် (Commonwealth War Graves Commission) က ထိန်းသိမ်းစောင့်ရှောက်ထားကာ စစ်သင်္ချိုင်းပြုပြင်ထိန်းသိမ်းမှု အသုံးစရိတ်များအား ဗြိတိသျှဓနသဟာယအဖွဲ့ဝင်နိုင်ငံများက မိမိတို့နိုင်ငံသားများ၏ အုတ်ဂူအရေအတွက်အတိုင်း အချိုးကျရန်ပုံငွေထည့်ဝင်ကြပြီး ဗြိတိသျှနိုင်ငံက ၇၀ ရာခိုင်နှုန်းဖြင့် အများဆုံးပါဝင်ထားပါသည်။ ဝန်ထမ်းများလစာနှင့် အထွေထွေစရိတ် အားလုံးကို ဗြိတိသျှဓနသဟာယရန်ပုံငွေမှကျခံပြီး စစ်သင်္ချိုင်းသို့ လာရောက်ကြည့်ရှုကြသော ပြည်သူများအား ဝင်ကြေးမယူဘဲ ဖွင့်လှစ်ပြသထားပါသည်။