စစ်ကဲသိမ်နှင့် စစ်ကဲကန်

Listing Description

မင်းပြားမြို့နယ်  ခြိတ်တောင်ရွာအနီး တောင်ကမူပေါ်တွင် စစ်ကဲသိမ်ရှိသည်။ ယင်းကို အချို့က စစ်ကဲမသိမ်ဟု ခေါ်သည်။ သိမ်ကို ကျောက်အုတ်ဖြင့် ပြုလုပ်ထားသည်။ သိမ်တစ်ခုလုံးကို ကျောက်အုတ်ဖြင့် ဝန်းရံမိုးကာလျက် ကျောက်အုတ်နံရံတို့တွင် ပန်းပြောက် ပန်းနွယ်များဖော်ကာ၊ ထောင့်ချိုးနေရာများတွင် လှပသော ပန်းခက်များတင်၍ အထက်နေရာများတွင် ကနုတ်ပန်း၊ ပန်းများဖြင့် ထွင်းထုထားသည်။ ကျောက်အုတ်နံရံများတွင် လက်ရာမြောက်လှသော ပန်းပု ပန်းချီများ ထုလုပ်ရေးဆွဲထားသည်။ ကျိန်းတောင်တစ်ဝိုက်တွင် လက်ရာအမြောက်ဆုံးသော ရှေးဟောင်းအဆောက်အအုံဖြစ်သည်။ ရခိုင်တို့၏ ရှေးဟောင်းအနုပညာ၊ ပန်းချီ၊ ပန်းပုလက်ရာများကို တွေ့ရှိနိုင်သည့် သိမ်တော်ကြီးလည်း ဖြစ်သည်။ ယင်းတောင်ကမူအောက်တွင် ကန်ကြီးနှစ်ကန်ရှိသည်။ စစ်ကဲမကန်ဟု ခေါ်ကြသည်။ ဤသိမ်ကို ဆောက်လုပ် လှူဒါန်းခဲ့သော စစ်ကဲကြီးမှာ မည်သည့်မင်း၏ စစ်ကဲဖြစ်သည်ကို မသိရပေ။ စမ္ဘဝက်မြို့မှ စစ်ကဲကြီးတစ်ဦး ဖြစ်လိမ့်မည်ဟု ခန့်မှန်းရသည်။ သိမ်ရှိဘုရားနှင့် ကျောက်ဆစ်လက်ရာများမှာ မြောက်ဦးခေတ်ထက် နောက်ကျမည် မဟုတ်ဟု ခန့်မှန်းကြသည်။