သိကြားပုန်းဘုရား

Listing Description

သိကြားပုန်းဘုရားသည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့ဟောင်း၏ အရှေ့မြောက်ဘက်၊ ဝက်ကြီးအင်းရွာ၏တောင်ဘက် သိကြားဟစ်ဘုရားအနီးတွင် တည်ရှိပါသည်။ ပါးစပ်ရာဇဝင်အရ ကွမ်းဆော်ကြောင်ဖြူမင်းမဖြစ်သေးမီအချိန် သိကြားမင်းက ယခုသိကြားဟစ်ဘုရားတည်ရှိရာနေရာမှ "မင်းလောင်းလာပြီဟေ့….ကြိုကြလော့" ဟူ၍ ရပ်တန့်ဟစ်ကြွေးပြီးနောက် မြောက်ဘက်တစ်ခေါ်သာသာခန့်နေရာတွင် ကိုယ်ရောင်ဖျောက်ကာ သွားရောက်ပုန်းအောင်းနေခဲ့သည် ဆိုပါသည်။ နောင်တွင် သိကြားပုန်းအောင်းရာ ယင်းနေရာ၌ ကုသိုလ်ရှင်တစ်ဦးက သိကြားပုန်းဘွဲ့မည်နှင့် ဘုရားတည်ထားခဲ့ခြင်းဖြစ်ပါသည်။ သိကြားပုန်းဘုရားသည် သိကြားဟစ်ဘုရားကဲ့သို့ ၁၂ ရာစု လက်ရာ ကွမ်းတောင်ပေါက် တစ်ထပ်ဂူ ဘုရားဖြစ်ပြီး ဂူအတွင်းရှိ မုခ်ချိုင့်ငယ်များအတွင် ဗုဒ္ဓဝင်ခန်းများကို ရုပ်ကြွနှင့် ပန်းချီဆေးရေးဖက်စပ်လုပ်ဆောင်ထားခဲ့သော လက်ရာများကို တွေ့ရပါသည်။ ထို့ပြင် လိုဏ်အတွင်း၌လည်း အတွင်းမှရုပ်ပွားဆင်းတုငယ်ကိုငုံ၍ ထုလုပ်ထားသည့် နှစ်ထပ်ရုပ်ပွားဆင်းတုတော်ကြီး တစ်ဆူရှိပါသည်။ သိကြားပုန်းဘုရား အနောက်မြောက်ဘက်တွင် ကွမ်းဆော်မင်းဖြစ်, မဖြစ်ကို သိကြားမင်းက ပုန်းအောင်းနေရာမှ ကိုယ်ထင်ရှား၍ သွားရောက်ကြည့်သည့်အခါ မင်းဖြစ်မှန်းသိသည့်နေရာတွင် အထိမ်းအမှတ် သိကြားသိဘုရား တစ်ဆူရှိပါသည်။