ဝက်ဖြူကျွန်းရေလယ်ဘုရား

Listing Description

မင်းပြားမြို့နယ်၊ ပန်းမြောင်းကြီးချောင်းဝ၊ သေကန်ကျေးရွာအနီး ကျွန်းငယ်တစ်ခုပေါ်၌ တည်ရှိသည်။ ရခိုင်ဘုရင် သူရိယစက္ကမင်းနှင့် မိဖုရား ရုစိတာ မာလာဒေဝီ တို့က သာသနာသက္ကရာဇ် ၂၂၀ ခုနှစ် တပေါင်း လဆန်း ၁၅ ရက် (ဗုဒ္ဓဟူးနေ့) ၌ ကြီးစွာသောအလှူကိုပေးကာ နွားလားဥဿဘ တမော့ခန့်ရှိသော ဓာတ်တော်တစ်ဆူကို ဤကျွန်းငယ်၌ တည်ထားကောင်းမှု ပြုခဲ့ကြသည်ဟု ရမ်းဗြဲတောင်ကျောင်း ဆရာတော် အသျှင်စန္ဒမာလာလင်္ကာရ ပြုစုသော ရခိုင်ရာဇာဝင်သစ်ကျမ်း၌ ဖော်ပြထားသည်။ စေတီတော်ကို လောင်းကြက်ခေတ်၌ အလောမာဖြူမင်းနှင့် မိဖုရား စောရွှေသစ်ထပ်မံပြုပြင်ခဲ့သည်။ မြောက်ဦးခေတ်၌ နရပတိ ငကုသလမင်း၏ မိဖုရား ဝါလှဖြူက ထပ်မံပြုပြင်ခဲ့သောကြောင့် ထိုမိဖုရား၏အမည်ကို အစွဲပြု၍ ဝါလှဖြူကျွန်း၊ ဝါလှဖြူစေတီဟု ခေါ်တွင်ခဲ့ရာ ကာလကြာ၍ ဝက်ဖြူကျွန်း၊ ဝက်ဖြူကျွန်းစေတီ ဖြစ်လာခဲ့ရသည်ဟုဆိုသည်။ မင်းပြားမြို့သည် လေးမြို့မြစ်ကမ်းနဖူးတွင် တည်ရှိ၍ နှစ်စဉ်လိုလို လေးမြို့မြစ် စိုးရိမ်ရေမှတ်ကို ရောက်ရှိပါသော်လည်း ဝက်ဖြူကျွန်းရှိ ရေလယ်ဘုရားစေတီ ရေမမြုပ်သည်မှာ ဗုဒ္ဓမြတ်စွာဘုရား၏ ဓာတ်တော်အစစ်အမှန်ကြောင့် ဖြစ်သည်ဟု ဒေသခံများ ယုံကြည်ကြပါသည်။