ဝန်သိုကန်၊ ဝန်သိုသိမ်၊ ဝန်သိုဂူ

Listing Description

ဝန်သိုဟူသည်မှာ ဝန်သိုအမတ်ကို ခေါ်ခြင်းဖြစ်သည်။ ဝန်သိုအမတ်သည် ရှင်ဘုရင်၏ဝန်(ဝါ) ပစ္စည်းပစ္စယတို့ သိုလှောင်ထားသောတိုက်ကို စောင့်ရသည့်အမတ်ဖြစ်သည်။ မြန်မာဝေါဟာရဖြင့် ပြောရပါမူ ရွှေတိုက်စိုးမင်း ဖြစ်ပေလိမ့်မည်။ ဤဝန်သိုအမတ်ကန်မှာ ထူးဆန်းသည်။ စတုရန်းပုံဖြစ်သည်။ အနားတစ်ဖက် အတောင် ၁၂၀ ခန့်စီရှိသည်။ ကန်ကို မြေအုတ်နီများဖြင့် လေးဘက်လေးတန်နံရံများနှင့် အောက်ခြေကြမ်းပြင်ပါမကျန် စီထားသည်ကို တွေ့ရသည်။ ကန်ဘောင်ရိုးကိုလည်း အုတ်ဖြင့်ပင် စီဖို့ထားပြီး ကန်ဆင်းလမ်း၊ တက်လမ်း ကိုလည်း အုတ်ဖြင့်ပင် ပြုလုပ်ထားသည်ကို တွေ့ရသည်။

ဝန်သိုကန်နှင့် အရှေ့တောင်ထောင့်ကန်နှင့် မဝေးသောကုန်းမြေပေါ်တွင် ယင်းအမတ် တည်ထားခဲ့သော သိမ်တော်တစ်ခုရှိသည်။ သိမ်တော်ကို ကျောက်အုတ်ဖြင့် တံတိုင်းနှစ်ထပ် ကာရံထားသည်။ ပထမတံတိုင်းမှာ အမြင့် ၅ပေရှိ၍ ဒုတိယတံတိုင်းမှာ အမြင့် ၄ပေရှိသည်။ ဒုတိယတံတိုင်းတွင် သိမ်သမုတ်၍ ယင်းအတွင်းတွင် သိမ်ဆောက်ကာ သိမ်အတွင်း၌ ကျောက်ဆင်းတု တည်ထားကိုးကွယ်ခဲ့သည်။ ဆင်းတုတော်အောက်ခြေပလ္လင်မှာ ကျောက်ဆစ်လက်ရာမြောက်လှသော ပလ္လင်တော်တစ်ခုဖြစ်သည်။ သိမ်တော် အတွင်း တံတိုင်းကြမ်းပြင်နှင့် အပြင်တံတိုင်းကြမ်းပြင်နှစ်ခုလုံးကို ကျောက်အုတ်ဖြင့် ခင်းကျင်းထားသည်။

ဝန်သိုသိမ်၏တောင်ဘက်တွင် ဂူကြီးတစ်ဂူရှိသည်။ ကျောက်အုတ်ဖြင့် ပြုလုပ်၍ တံတိုင်းကိုပါ ကျောက်အုတ်တို့ဖြင့် ကာရံထားသည်။ အတွင်းတွင် ကျောက်ဆင်းထုဘုရားကြီး တစ်ဆူရှိသည်။ လက်ျာရန် လက်ဝဲရန် ဘုရားလေးဆူနှင့် ဂူကြီးပတ်လည်တွင် ဉာဏ်တော်အကြီးအငယ် ကျောက်ဆင်းတုဘုရားများ နံရံတစ်လျှောက်တွင် နေရာတကျ ပြုလုပ်ထားခဲ့သည်။ သို့ရာတွင် ယခုအခါ ယင်းဂူကြီးမှာ ပြိုကျပျက်စီးလျက်ရှိသည်။ ဤဂူကြီးကိုလည်း ဝန်သိုအမတ်ပင် တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်သည်။