ကျော်ကျော်ဗို

Listing Description

၁၉၇၈ ခုနှစ် ဧပြီလ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည် ။ အဘိုးဖြစ်သူမှာ ဇာတ်မင်းသားကြီး အလင်္ကာကျော်စွာ ရွှေမန်းတင်မောင် ဖြစ်ပြီး ဖခင်ဖြစ်သူ ဦးဝင်းဗိုလ်သည်လည်း ဇာတ်မင်းသား တစ်ဦးဖြစ်သည်။ အကယ်ဒမီ ၇ ဆုရ ဦးညွန့်ဝင်း၊ ဇာတ်မင်းသားများဖြစ်ကြသော ဆန်းဝင်း၊ ဝင်းမောင်နှင့် ချမ်းသာတို့၏ တူတော်စပ်သည်။ မွေးချင်း နှစ်ယောက်အနက် အကြီးဆုံးသားဖြစ်ပြီး ညီငယ်တစ်ဦးရှိသည်။ ရန်ကုန်တက္ကသိုလ် တွင် ဓာတုဗေဒဘာသာရပ် တက်ရောက်သင်ကြားခဲ့သည်။

အသက် ၁၀ နှစ်အရွယ်တွင် ကလေးသရုပ်ဆောင်အဖြစ် အနုပညာလောကသို့ စတင်ဝင်ရောက်ခဲ့သည်။ ကလေးသရုပ်ဆောင်အဖြစ် “ချစ်ရင်မျက်ရည်မကျနဲ့” ဇာတ်ကားတွင် ပထမဆုံး ပါဝင်သရုပ်ဆောင်ခဲ့သည်။ ထို့နောက် ကလေးသရုပ်ဆောင်အဖြစ် "အတာရေနဲ့ဆေးပါမယ်"၊ "မိုးနဲ့လေနဲ့မုန်တိုင်းနဲ့" စသော ဇာတ်ကားများတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။ အသက် ၁၈ နှစ်အရွယ် ၁၉၉၆ ခုနှစ်တွင် ရန်ကုန်ရှိ Mr.Guitar Cafe တွင် အဆိုတော်အဖြစ် ၄ နှစ်ကြာ လုပ်ကိုင်ခဲ့သည်။ ၂၀၀၁ ခုနှစ်တွင် ဦးလေးများ၏ သစ္စာမေတ္တာ ရွှေမန်းသဘင်တွင် ၄ နှစ်ကြာအောင် အငြိမ့်မင်းသားအဖြစ် ပါဝင်ကပြခဲ့သည်။

၂၀၀၆ ခုနှစ်တွင်  Min Film Production နှင့် သရုပ်ဆောင်တစ်ဦးအဖြစ် စာချုပ်ချုပ်ခဲ့သည်။ ဒါရိုက်တာ ကြည်ဖြူရှင် ရိုက်ကူးသော “ဘယ်သူပြောလဲတစ်တောလုံးကြွေ”၊ “ကကက” များတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ကျော်ကျော်ဗိုအဖြစ် လူသိများလာခဲ့သည်။

၂၀၀၇ ခုနှစ်မှစတင်၍ နေတိုး ၊ ထွန်းထွန်း၊ မိုးမိုး၊ ရဲလေး တို့နှင့်အတူ ထာဝရနှင်းဆီအငြိမ့်အဖွဲ့တွင် ပါဝင်ကပြခဲ့သည်။

၂၀၀၈ ခုနှစ်တွင် မဇာဇာနှင့် လက်ထပ်ခဲ့ပြီး သမီးတစ်ယောက် ထွန်းကားခဲ့သည်။

၂၀၁၈ ခုနှစ်တွင် “မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု ရရှိခဲ့သည်။ ကျော်ကျော်ဗိုသည် လက်ရှိအချိန်အထိ ရုပ်ရှင်နှင့် ဗီဒီယိုကားပေါင်း ၃၀၀ ကျော် ရိုက်ကူးခဲ့ပြီးဖြစ်သည်။