ဦးသိန်းစိန်

Listing Description

ဦးသိန်းစိန်ကို ၁၉၄၅-ခုနှစ်၊ ဧပြီလ ၂ဝ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ကျုံကူးရွာတွင် အဖ ဦးမောင်ဖြိုး၊ အမိ ဒေါ်ခင်ညွန့်တို့မှ မွေးဖွားခဲ့သည်။ ငယ်နာမည်မှာ မောင်သိန်းစိန် ပင်ဖြစ်သည်။ မွေးချင်း(၃)ယောက်တွင် အငယ်ဆုံးသားဖြစ်သည်။ အစ်မကြီးဖြစ်သူမှာ ဒေါ်ရင်လှိုင် ဖြစ်ပြီး အကိုကြီးဖြစ်သူမှာ ဦးမြင့်ထွန်း ဖြစ်လေ၏။

ငယ်စဉ်က အခြေခံပညာကို ပုသိမ်ခရိုင် ငပုတောမြို့ နယ် ကျုံကူးရွာ မူလတန်းကျောင်း၊ ချောင်း၀ရွာ အလယ်တန်းကျောင်း နှင့် ပုသိမ်မြို့ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း တို့၌ ပညာသင်ကြားခဲ့သည်။ အစိုးရအထက်တန်း အောင်မြင်ပြီး ပြင်ဦးလွင် စစ် တက္ကသိုလ်သို့ တက်ရောက်ခဲ့သည်။ ၁၉၆၈-ခုနှစ်တွင် စစ်တက္ကသိုလ် အပတ်စဉ်(၉)၌ ဝိဇ္ဇာဘွဲ့ အထူးပြုဖြင့် အောင်မြင်၍ စစ်သင်တန်းဆင်းခဲ့ပြီး တပ်မတော်တွင် စတင် တာဝန် ထမ်းဆောင်ခဲ့သည်။

စစ်တက္ကသိုလ်မှ သင်တန်း ဆင်းပြီး ရှမ်း (၁) တွင် တာဝန်ထမ်းဆောင်နေစဉ် ၁၉၇၀ ခုနှစ်တွင် ဗိုလ်ကြီး အဆင့်သို့ တိုးမြှင့် ခန့်အပ်ခြင်း ခံခဲ့ရသည်။ ၁၉၇၀ခုနှစ်မှ ၁၉၇၃ ခုနှစ်အထိ ဗိုလ်ကြီး အဆင့်ဖြင့် လည်းကောင်း ၁၉၇၃ ခုနှစ်မှ ၁၉၈၂ ခုနှစ်အထိ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၊ ခမရ (၁၀၉) နှင့် ခလရ (၈၉) တို့တွင် ဗိုလ်မှူးအဆင့်ဖြင့် လည်းကောင်း တာဝန်ထမ်းဆောင် ခဲ့သည်။ ၁၉၈၈ ခုနှစ် တပ်မတော်မှ တိုင်းပြည်အာဏာ ရယူပြီးနောက် တပ်ရင်းမှူး(ဒုတိယဗိုလ်မှူးကြီး) အဆင့်ဖြင့် စစ်ကိုင်းတိုင်း၊ ကလေးမြို့ ခြေလျင်တပ်ရင်း ခလရ (၈၉) တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၉၃ ခုနှစ်တွင် ဗိုလ်မှူးကြီး အဖြစ် ကက(ကြည်း)နှင့် စကခ(၄)၊ ၁၉၉၆ ခုနှစ်တွင် ဗိုလ်မှူးချုပ်အဖြစ် စကခ(၄)နှင့်တသခ၊ ၁၉၉၇ ခုနှစ်တွင် ဗိုလ်ချုပ်အဖြစ် တသခနှင့် ကကရေး၊ ၂၀၀၇ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးအဖြစ် ကက(ကြည်း)တွင်တာဝန်ဆက်လက် ထမ်းဆောင်ခဲ့သည်။

၁၉၈၈-ခုနှစ်ဝန်းကျင်တွင် စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ ခြေလျင် တပ်ရင်းတွင် တပ်ရင်းမှူး တာဝန်ယူပြီးနောက် စစ်ရုံးသို့ပြောင်းရွေ့ကာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ကိုယ်ရေးအရာရှိအဖြစ် တာဝန်ယူရသည်။ ထို့ကြောင့် ရုံးလုပ်ငန်းနှင့် အုပ်ချုပ်ရေးဘက်တွင် ကျွမ်းကျင်လာခဲ့သည်။ ၁၉၈၈-ခုနှစ်၊ တပ်မတော်မှ အာဏာသိမ်းပြီးနောက် ကက(ကြည်း)တွင် စစ်ဦးစီး (ဗိုလ်မှူးကြီး)နှင့် စစ်ဆင်ရေးကွပ်ကဲရေးမှူး တာဝန်များကို ထမ်းဆောင်ခဲ့သည်။ စစ်ဆင်ရေးကွပ်ကဲမှု ဌာန ချုပ်များ ဖွင့်လှစ်သည့်အခါ မှော်ဘီမြို့နယ်၊ ဖူးကြီး အခြေစိုက် စကခ(၄)တွင် စကခမှူးဖြစ်လာခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် တိုးမြှင့်ခန့်ထားခြင်းခံရသည်။ တြိဂံဒေသတိုင်းအား တာဝန်ယူရစဉ် ဘိန်းဘုရင်များနှင့် တဖက်နိုင်ငံမှ ထိုင်းလူမျိုးများ ဆက်စပ်သည့် ကိစ္စအဝဝကို တာဝန်ယူ ဖြေရှင်းခဲ့ရ သည်။ နယ်စပ်ဒေသရှိ လူမျိုးစုလက်နက်ကိုင်အဖွဲ့ အချို့ကို အပစ်အခတ်ရပ်စဲရန် ကြိုးစား ခဲ့ရသည်။ ၁၉၉၈ ခုနှစ်တွင် ဗိုလ်ချုပ်၊ ၂ဝဝ၁ ခုနှစ်တွင် စစ်ရေးချုပ်တာဝန်ကို ယူရသည်။ ထို့နောက် ၂ဝဝ၃ ခုနှစ်တွင် ဒုတိယဗိုလ်ချုပ်ကြီး အဆင့်သို့ တိုးမြှင့်ခန့်အပ်ခြင်းခဲရသည့်အပြင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ အတွင်းရေးမှူး(၂) တာဝန်ကိုပါ ပေးအပ်ခြင်းခံခဲ့ရလေသည်။ ၂ဝဝ၄ ခုနှစ်တွင် နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး(၁) ဖြစ်လာသည်။

၂၀၀၇ ခုနှစ်တွင် ဗိုလ်ချုပ်ကြီး အဆင့်သို့ တိုးမြှင့်ခန့်အပ်ခြင်းခံပြီး နိုင်ငံတော်ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်းမှာ ကျန်းမာရေး ချို့ယွင်းလာသည့်အတွက် ယင်းနှစ်၏ ဧပြီလတွင် ယာယီဝန်ကြီးချုပ် ဖြစ်လာခဲ့ပြီး ထိုနှစ် အောက်တိုဘာလ ၂၄ ရက်တွင် တရားဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။ ၂ဝဝ၈-ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် နာဂစ်ဆိုင်ကလုန်း မုန်တိုင်းဒဏ်ခံ ပြည်သူများထံ သွားရောက်ခဲ့သည့် အစိုးရအရာရှိများထဲတွင် ပထမဆုံးဖြစ်သည်။ နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက် ဖွဲ့စည်းခဲ့သည့် အမျိုးသား သဘာဝဘေးကာကွယ်တားဆီးရေး ဗဟိုကော်မတီ၏ ဥက္ကဋ္ဌ တာဝန်ကိုလည်း ပူးတွဲထမ်းဆောင်ခဲ့ပြီး နိုင်ငံတော်အဆင့် အခြား လုပ်ငန်းကိစ္စအဝ၀တွင်လည်း အစိုးရအဖွဲ့ကို ဦးစီးကွပ်ကဲခဲ့သည်။။ ၂ဝ၁ဝ-ခုနှစ်၊ ဧပြီလ(၂၄) ရက်နေ့တွင် ရွေးကောက်ပွဲဝင်ရန်အတွက် စစ်ဖက်ရာထူး ဗိုလ်ချုပ်ကြီး အဖြစ်မှ နုတ်ထွက်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့လေသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဗဟိုအဖွဲ့ ခေါင်းဆောင် အဖြစ် ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲတွင် စတင်လှုပ်ရှားကာ ဝင်ရောက်ခဲ့သည်။ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်အတွက် နေပြည်တော် ကောင်စီနယ်မြေ ဇဗ္ဗူသီရီ မဲဆန္ဒနယ်ကို ကိုယ်စားပြုကာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ မှ ဦးကျော်အေး နှင့် ယှဉ်ပြိုင်ရွေးကောက်ခံခဲ့ကာ မဲအရေအတွက် ၆၅,၆၂၀ (၉၁.၂%) ဖြင့် အနိုင်ရရှိခဲ့သည်။

၂၀၁၁ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်နေ့တွင် ဦးသိန်းစိန်သည် ပြည်ထောင်စု လွှတ်တော်မှ မြန်မာနိုင်ငံအတွက် သမ္မတအဖြစ် ရွေးချယ်ခြင်းခံခဲ့ရသည်။ ၂၀၁၁ ခုနှစ် ဧပြီလ ၁၁ ရက်နေ့မှ စတင်၍ ဒုသမ္မတများ ဖြစ်ကြသော သီဟသူရဦးတင်အောင်မြင့်ဦး နှင့် ဒေါက်တာစိုင်းမောက်ခမ်း တို့နှင့်အတူ မြန်မာနိုင်ငံ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

ရာထူးအဆင့်ဆင့် မြင့်တက်လာခြင်း

၁၉၈၆ - ဗိုလ်မှူးကြီး

၁၉၈၈- အရှေ့ပိုင်းတိုင်း ၏ အမှတ် ၂ စစ်ဒေသမှူး

၁၉၉၂- General Staff Colonel

၁၉၉၇- တြိဂံစစ်တိုင်းမှူး -ဗိုလ်မှူးချုပ်

၂၀၀၁- စစ်ရေးချုပ်

၂၀၀၂- ဒုတိယ ဗိုလ်ချုပ်ကြီး

၂၀၀၃- နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ အတွင်းရေးမှူး ၂

၂၀၀၄- နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ အတွင်းရေးမှူး ၁

၂၀၀၇- နိုင်ငံတော်ဝန်ကြီးချုပ်

၂၀၀၇- ဗိုလ်ချုပ်ကြီး

၂၀၁၀- ဧပြီလ ၂၄ ရက်နေ့ တွင် တပ်မတော်မှ အငြိမ်းစားယူပြီး အရပ်သားဖြစ်လာ

၂၀၁၁-‌‌ဖေဖော်ဝါရီလ ၄ ရက်တွင် သမ္မတအဖြစ် ရွေးချယ် တင်မြှောက်

ဦးသိန်းစိန်၏ ဇနီးသည်မှာ ဒေါ်ခင်ခင်ဝင်းဖြစ်ပြီး သမီး သုံးဦး ထွန်းကားခဲ့သည်။ ဦးသိန်းစိန်သည်၂၀၁၂-ခု၊ ဇန်နဝါရီလ၊ ၃၁-နေ့တွင် စင်္ကာပူနိုင်ငံ Mt. Elizabeth ဆေးရုံ၌ ကျန်းမာရေး စစ်ဆေးမှု ခံယူခဲ့သည်။ ဦးသိန်းစိန်တွင် နှလုံးရောဂါရှိပြီး ၂၀၀၄ ခုနှစ်ကစ၍ နှလုံးခုန်စက် တပ်ဆင်ထားရသည်ဟု ဆိုသည်။