တင်တင်နွဲ့ (၁၉၄၄ - ၂၀၁၅)

Listing Description

ရန်ကုန်မြို့၌ အဖ ဦးကျော်ရင်၊ အမိ ဒေါ်တင်ယုံတို့မှ ၁၉၄၄−ခုနှစ်၊ ဒီဇင်ဘာလ၊ ၉−ရက်တွင် မွေးဖွားသည်။ ငယ်စဉ်က အ.ထ.က(၁)ကြည့်မြင်တိုင်တွင် ပညာသင်ကြားခဲ့ပြီး တက္ကသိုလ်ဝင်တန်းအထိ ရောက်ရှိခဲ့သည်။

ပထမဆုံး ပါဝင်သရုပ်ဆောင် ရိုက်ကူးခွင့် ရရှိခဲ့သော ဇာတ်ကားမှာ ဒါရိုက်တာဦးချစ်ခင်၏ မြတ် ဇာတ်ကားဖြစ်ပြီး ဝင်းဦး၊ မြင့်မြင့်ခင်၊ ချစ်စံပယ်တို့နှင့်အတူ တွဲဖက်သရုပ်ဆောင်ခဲ့သည်။ ထို့နောက်ရုပ်ရှင်ဇာတ်ကားများစွာ အဆက်မပြတ် ရိုက်ကူးခဲ့ရာ ၁၉၇၀-ပြည့်နှစ်တွင် ဒါရိုက်တာ ဦးသုခ၏ ကျွန်မမှာ မိန်းမသား ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင် ထူးချွန်ဆုကို ရရှိခဲ့သည်။

သရုပ်ဆောင် ထူးချွန်ဆု ဆွတ်ခူးရရှိသည့်နှစ်မှာပင် ခင်ပွန်းဖြစ်သူ ဦးသက်ထွန်း (နောင်တွင် နိုင်ငံတော်တရားရုံးချုပ် တရားသူကြီး ဝဏ္ဏကျော်ထင် ဦးသက်ထွန်း) နှင့် လက်ထပ်ခဲ့သည်။ လက်ထပ်ပြီး ရှစ်နှစ်အထိ ရုပ်ရှင်ရိုက်ကူးခဲ့ပြီး နောက်ပိုင်းတွင် ကျန်းမာရေးအရ ရုပ်ရှင်ရိုက်ကူးရေးကို ရပ်နားခဲ့သည်။

တင်တင်နွဲ့ပါဝင်သရုပ်ဆောင်ခဲ့သော ရုပ်ရှင်ကားများအနက် စကားပြောသော အသဲနုလုံး၊ ကျွန်မမှာ မိန်မသား၊ နန်းတစ်လိမ် ပန်းတစ်လိမ်၊ ချစ်သူရွေးမယ် ချစ်ဝဲလယ်၊ ရွှေတံခါးကြီးဖွင့်ပါဦး၊ မာယာထောင်ချောက်၊ မြတ်၊ မေတ္တာပုလဲသွယ်၊ ချစ်ဦးတိမ်ပန်းချီ၊ စေတနာမှန်သော ကံတရား၊ လကွယ်မိုးနှောင်း၊ အပြတ်မပြောနဲ့ မချော၊ စွန့်စားခြင်းအတူတူ ဘယ်သူမြတ်သလဲ၊ ဦးပေါင်းစင်းနဲ့ မြင်းညိုရှင်၊ မောင့်မမငြိမ်း၊ တောင်ပြာတန်းနဲ့ ပန်းသဇင် ဇာတ်ကားများမှာ လူကြိုက်များ ထင်ရှားခဲ့သည်။ နောက်ဆုံးရိုက်ကူးသည့် ဇာတ်ကားမှာ ၁၉၇၈-ခုနှစ်က ဒါရိုက်တာ ကိုလင်းလင်းရိုက်ကူးသော သက်လယ် ဇာတ်ကားဖြစ်သည်။

ကက်ဆက်ဇာတ်လမ်းခေတ်တွင် ကောလိပ်ဂျင်နေဝင်းနှင့် တွဲဖက်ကာ ဗိုလ်အောင်ဒင် အသံဇာတ်လမ်း၌ ပါဝင်သရုပ်ဆောင်ခဲ့ပြီး လူကြိုက်များရာမှ ကက်ဆက်အသံလွှင့်ဇာတ်လမ်းများစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။ ဒါရိုက်တာ မောင်ကြေးမုံ၊ ဂန္ထဝင်မောင်ဝိုင်းတို့ စီစဉ်သော ကက်ဆက်ဇာတ်လမ်းများတွင် အသံဖြင့် သရုပ်ဆောင်ခဲ့သော ကောလိပ်ဂျင်နေဝင်း၊ တင်တင်နွဲ့၊ ဓနုဖြူကြည်ကြည်သိန်း အတွဲသည် ကက်ဆက်ဇာတ်လမ်းလောက၌ လူသိများသည်။

၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၏ အနုပညာ ဂုဏ်ရည်ဆု ချီးမြှင့်ပေးအပ်ခြင်း ခံရသည်။

အကယ်ဒမီတင်တင်နွဲ့သည် ၂၀၁၅-ခုနှစ်၊ နိုဝင်ဘာလ ၁၀-ရက် အသက် (၇၁)နှစ် အရွယ်တွင် ရန်ကုန်ဆေးရုံကြီး၌ လူကြီးရောဂါဖြင့် ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် ခင်ပွန်းဦးသက်ထွန်းနှင့် သား စိုးသူရထွန်း တို့ ကျန်ရစ်သည်။ သားတစ်ယောက်ဖြစ်သည့် ဇာနည်ဝင်းထွန်းသည် ၂၀၀၉-ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။

သင်ကိုယ်တိုင် ပြင်ဆင် ဖြည့်စွက်ရန်

Listing Review

2023-09-20 05:24:57

၁၉၇၈ခုနှစ် နောက်ပိုင်း ကျန်းရေးကြောင့် ရုပ်ရှင်ရိုက်ကူးခြင်းမှ အနားယူခဲ့သည် နှလုံးရောဂါခံစားရ၍ ထိုင်းနိင်ငံတွင် ဆေးရုံတက်ရောက်ကုသမှု အကြိမ်ပေါင်း(၁၃)ကြိမ်ရှိခဲ့သည်