အိချောပို

Listing Description

သရုပ်ဆောင်၊ မော်ဒယ် အိချောပိုကို ၁၉၉၀ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့တွင် ရန်ကုန်မြို့၌ ဖွားမြင်ခဲ့သည်။ မိဘများမှာ ဦးချိုမောင်၊ ဒေါ်သီတာစန်း တို့ဖြစ်သည်။ မောင်နှမသုံးယောက်ရှိပြီး ဒုတိယမြောက်သမီး ဖြစ်သည်။ အထက်တန်းပညာရေးကို အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း (ကမာရွတ်) တွင် တက်ရောက်ခဲ့သည်။ ၂၀၁၀ ခုနှစ်တွင် ရုပ်ရှင်ရိုက်ကူးရေးပညာနှင့်ပြဇာတ်ဖြင့် ဝိဇ္ဇာဘွဲ့ ရရှိခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) မှ ဂီတဒီပလိုမာဘွဲ့ ရရှိခဲ့သည်။

အိချောပိုသည် နဝမတန်းတက်ရောက်သင်ကြားနေစဉ် ၂၀၀၆ ခုနှစ်တွင် မဂ္ဂဇင်းမျက်နှာဖုံးဓာတ်ပုံများ၊ ကြော်ငြာများစွာတို့တွင် ကြော်ငြာမော်ဒယ်အဖြစ် သရုပ်ဆောင်ခဲ့သည်။ ၂၀၀၈ ခုနှစ်တွင် Miss ပြိုင်ပွဲများ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး Miss Tri 2008၊ Miss Silk and Shine 2008၊ Miss Smooth E 2008 နှင့် Miss Seven Days 2008 ဆုတို့ရရှိခဲ့သည်။ ဒါရိုက်တာဝိုင်း၊ လူမင်း၊ ခန့်စည်သူ၊ ပြေတီဦး၊ နေတိုး၊ မြင့်မြတ်တို့ ဖွဲ့စည်းတည်ထောင်သည့် အနုပညာပျိုးခင်း ၂၀၁၁ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ကျင်းပသော သရုပ်ဆောင်ရွေးချယ်ပွဲတွင် ရွေးချယ်ခံခဲ့ရပြီး သရုပ်ဆောင်လောကသို့ ရောက်ရှိခဲ့သည်။ သူမ၏ ပွဲဦးထွက် ရုပ်ရှင်မှာ "လှပသောဝဋ်" ရုပ်ရှင်ဇာတ်ကားဖြစ်သည်။ ထို့နောက် "ယောက်ျားကိုရောင်းစားမယ်" ဇာတ်ကားရိုက်ကူးခဲ့ပြီး ထိုဇာတ်ကားဖြင့် လူသိများထင်ရှားလာခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် "ရွှေဒင်္ဂါးကို ထွေခင်းကစားမယ်" ရုပ်ရှင်ကားကြီးကို ရိုက်ကူးခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် ထွက်ရှိခဲ့သည့် "ရွှေသီချင်းများ"  group album တွင် "ဓါးသွားထက်က ပျားရည်စက်" သီချင်းဖြင့် ပါဝင်သီဆိုသရုပ်ဆောင်ခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် ကျင်းပသော Ve Ve အချိုရည်၏ ၂၀ ပြည့်နှစ် နှစ်ပတ်လည်ပွဲတွင် "အလိုချင်ဆုံးဆန္ဒ" သီချင်းကိုလည်း သီဆိုခဲ့သည်။၂၀၁၈ ခုနှစ်တွင် သူမ၏ ညီမဖြစ်သူနှင့်အတူ "GYPSY BOY" သီချင်းကို သီဆိုခဲ့ပြီး သူမ၏ Facebook စာမျက်နှာတွင် လွှင့်တင်ခဲ့သည်။ 

သူမသည် ရုပ်ရှင်ကားကြီးပေါင်း ၉၀ ကျော်၊ ဗီဒီယိုဇာတ်ကားပေါင်း ၂၀၀ ကျော် ရိုက်ကူးခဲ့သည်။

၂၀၁၆ ခုနှစ်တွင် Ve Ve အချိုရည်၏ Brand Ambassador အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည်။