စိုးမြတ်သူဇာ

Listing Description

စိုးမြတ်သူဇာကို ၁၉၇၁ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့တွင် ဗိုလ်မှူးကြီး ဦးစိုးမြင့်နှင့် ဒေါ်ကြည်ကြည်ခင်တို့မှ ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ မွေးချင်းလေးယောက်အနက် အကြီးဆုံးသမီးဖြစ်သည်။ ညီမနှစ်ယောက်ဖြစ်သော စိုးမြတ်နန္ဒာ နဲ့ စိုးမြတ်ကလျာတို့သည်လည်း အောင်မြင်သော အနုပညာရှင်များဖြစ်ကြသည်။  

သူမအသက် ၁၆ နှစ်အရွယ်တွင် ရန်အောင်၏ သီချင်းဖြစ်သော “ချစ်တယ်မီးရယ်” သီချင်းတွင် ပါဝင်သရုပ်ဆောင်ရန် ကမ်းလှမ်းခံရပြီး အနုပညာလောကထဲသို့ စတင်ဝင်ရောက်လာခဲ့သည်။ ထို့နောက် ၁၉၈၀ ဝန်းကျင်ကာလများတွင် အဆိုတော်များ၏ တေးသီချင်းများတွင် ပါဝင်သရုပ်ဆောင်ရင်း နာမည်ရလာခဲ့သည်။

၁၉၈၈ ခုနှစ်တွင် ပထမဆုံးအကြိမ် ဇာတ်ကားရိုက်ကူးမှုအနေဖြင့် ရဲတပ်ဖွဲ့ဂုဏ်ပြုဇာတ်ကားတစ်ကားဖြစ်သော “ဆုံရပ်ကန္တာရဝတီ” တွင် ပါဝင်ခွင့်ရခဲ့သည်။ သူမကို စိုးမြတ်သူဇာဟု ပရိတ်သတ်များသိလာသော ဇာတ်ကားမှာ ၁၉၈၉ ခုနှစ်တွင် ကျော်သူ၊ မေဆွိတို့နှင့် တွဲဖက်သရုပ်ဆောင်ခဲ့သော “တစ်ခါက” ဗီဒီယိုဇာတ်ကားဖြစ်သည်။

၁၉၉၀ ခုနှစ်တွင် ပထမဦးဆုံး ရုပ်ရှင်ဇာတ်ကားအဖြစ် “နေခြည်” ဇာတ်ကားတွင် ကျော်သူ၊ မေဆွိတို့နှင့် ဒုတိယနေရာမှ တွဲဖက်သရုပ်ဆောင်ခဲ့သည်။ ဆက်လက်၍ ရုပ်ရှင်ဇာတ်ကားများစွာတွင် ဒုတိယနေရာမှ ပါဝင်သရုပ်ဆောင်ခဲ့သည်။ ခေါင်းဆောင်မင်းသမီးနေရာမှ ပထမဆုံးအကြိမ် ပါဝင်ခဲ့သော ရုပ်ရှင်ဇာတ်ကားမှာ ၁၉၉၃ ခုနှစ်တွင် မင်းသားစိုးသူနှင့် တွဲဖက်သရုပ်ဆောင်ခဲ့သည့် “အချစ်တို့ကိုပေးနော်” ဇာတ်ကားဖြစ်သည်။

၁၉၉၄ ခုနှစ်တွင် “နော်ရင်မွှေး” ရုပ်ရှင်ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆု ရရှိခဲ့သည်။ ဒုတိယမြောက်အကယ်ဒမီဆုကို ၁၉၉၈ ခုနှစ်တွင် “ရွှေနံသာစံအိမ်” ရုပ်ရှင်ဇာတ်ကားဖြင့် ရရှိခဲ့သည်။ ဆက်လက်၍ ဗီဒီယိုနှင့် ရုပ်ရှင်ကားများစွာ ရိုက်ကူးခဲ့သည်။

စိုးမြတ်သူဇာသည် စာရေးဆရာမတစ်ဦးအဖြစ် စာအုပ် ၆ အုပ်ရေးသားထုတ်ဝေခဲ့သည်။ ရေးသားခဲ့သော စာအုပ်များမှာ အချစ်စစ်စစ်များ၊ မောင့်အတွက်၊ ယုံကြည်၍ခံစားရသည် ခံစားရ၍ ယုံကြည်သည်၊ ချစ်မိတဲ့အခါ၊ အနားသတ်သစ္စာ၊ Feeling 35 တို့ဖြစ်သည်။

စီးပွားရေးလုပ်ငန်းအနေဖြင့် ညီမများနှင့်ပေါင်း၍ မင်းသမီးပိုးထည်တိုက်ကို အမှတ် ၃၉၊ အင်းယားမြိုင်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့တွင် ဖွင့်ထားသည်။