အတုလာဓိပတိမဟာမုနိသကျ ကိုးထပ်ကြီးဘုရားကြီး

Listing Description

ကိုးထပ်ကြီးဘုရားသည် ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ဗားကရာလမ်းမပေါ်တွင် တည်ရှိပြီး ဘွဲ့အမည်အပြည့်အစုံမှာ အတုလာဓိပတိမဟာမိုနိသကျကိုးထပ်ကြီးဘုရားကြီး ဖြစ်ပါသည်။ မြန်မာသက္ကရာဇ် ၁၂၆၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၀ ရက်နေ့၊ ခရစ်သက္ကရာဇ် ၁၉၀၅ ခုနှစ်၊ ဩဂုတ်လ ၉ ရက်နေ့၊ ဗုဒ္ဓဟူးနေ့တွင် ဘုရားဒါယိကာ ဦးကြင်နှင့် ဒေါ်ငွေဇံတို့ ဇနီးမောင်နှံမှ ဦးစွာပထမ တည်ထားကိုးကွယ်ခဲ့သည်။ ပလ္လင်တော်မှ ဆံတော်ထိပ်အထိ အမြင့် ၇၂ ပေရှိကာ အတုလာဓိပတိ မဟာမုနိသကျကိုးထပ်ကြီးဘုရားကြီး ဟူသောဘွဲ့တော်တွင် စာလုံးပေါင်း ၁၈ လုံးပါဝင်၍ ကိုးနဝင်းကိုက်ညီနေကြောင်းသိရပါသည်။ ရန်ကုန်တွင် နာမည်ကြီးသည့် ကြီးကိုးကြီးအဓိဋ္ဌာန်၊ ကြီးလေးကြီးအဓိဋ္ဌာန်၊ ဘုရားကိုးဆူအဓိဋ္ဌာန်များတွင် တစ်ဆူပါဝင်သည့် ဘုရားကြီးလည်းဖြစ်သည်။ ကိုးထပ်ကြီးဘုရားရုပ်ပွားတော်မြတ်သည် ဘူမိဖဿမုဒြာပုံတော်ဖြစ်သော်လည်း လက်ယာဘက် လက်တော်၏ လက်ချောင်းများသည် အခြားရုပ်ပွားတော်များကဲ့သို့ တစ်ပြေးညီမဟုတ်ဘဲ လက်ခလယ်နှင့် လက်ညှိုးတော်သည် သင်္ကန်းကို ညှပ်ထားပုံဖြစ်ပါသည်။ ကိုးထပ်ကြီးရုပ်ပွားတော်မြတ်၏ လက်ဝဲဘက်နှင့် လက်ယာဘက်တွင် မုဒြာဟန်မျိုးစုံဖြင့်ထုလုပ်ထားသော မတ်တပ်ရပ်ရုပ် ပွားတော်ခြောက်ဆူစီရှိပြီး မုဒြာဟန်များကိုလည်း စာဖြင့်ရေးထိုးဖော်ပြထားသည်။ ဘုရားဝန်းအတွင်း၌ ပါဒစက်တော်ရာနှစ်ဆူကို ဖူးမြော်နိုင်ပြီး ကိုးထပ်ကြီးဘုရားထက် စော၍ထုလုပ်ကိုးကွယ်ခဲ့သော  ဆင်းတုတော်နှစ်ဆူဖြစ်သည့် နောင်တော်ကြီးဘုရားနှင့် ရှင်ပင်သာလျောင်းဘုရား ဆင်းတုတော်နှစ်ဆူကိုလည်း ဖူးမြော်ကြည်ညိုနိုင်သည်။