မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက်ကို ဇန်နဝါရီ ၅ ရက်မှစတင်၍ ပြန်လည်ဖွင့်လှစ်မည်

Listing Description

ရန်ကုန်   ဇန်နဝါရီ   ၃

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရှိ မြန်မာ့ရုပ်ရှင်သမိုင်း ပြတိုက်ကို ယာယီပိတ်ထားခဲ့ရာ  ဇန်နဝါရီ ၅ ရက်မှစတင်၍ နေ့စဉ်ပိတ်ရက်မရှိ ပြန်လည်ဖွင့်လှစ်ပြသပေးသွားမည် ဖြစ်သောကြောင့် လာရောက် လေ့လာကြည့်ရှုကြမည့် ရုပ်ရှင်ချစ်သူပရိသတ်များအနေဖြင့် သတ်မှတ်ထားသော ကျန်းမာရေးစည်းမျဉ်း စည်းကမ်းများနှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်ကြရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှ သိရသည်။

နေ့စဉ်ပိတ်ရက်မရှိ

“အရင်တုန်းကတော့ ရုံးပိတ်ရက်တွေလောက်ပဲ ဖွင့်တာပါ။ ကြားကာလမှာ ကိုဗစ်ဒုတိယလှိုင်း ကာလကြောင့် ခဏရပ်ထားတာဖြစ်ပါတယ်။ လာမယ့်ဇန်နဝါရီ ၅ ရက်က စပြီးတော့ ရုံးဖွင့်ရက်အပါအဝင် နေ့စဉ်ပိတ်ရက်မရှိ ဖွင့်လှစ် ပြသသွားဖို့ စီစဉ်ထားပါတယ်”ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံး  ဒုတိယဥက္ကဋ္ဌ(၁)  ဦးအေးကြူလေးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ဝင်္ဂဘာလမ်းရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဝင်းအတွင်း၌ ဖွင့်လှစ်ပြသ သွားမည့် အဆိုပါ မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက်အား ရုပ်ရှင် ချစ်သူပရိသတ်များအတွက်  နေ့စဉ် နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိ ဖွင့်လှစ်ပြသထားမည်ဖြစ်ရာ ပြတိုက်ဝင်ကြေး အနေဖြင့်  တစ်ဦးလျှင် ငွေကျပ် ၁၀၀၀ နှုန်း သတ်မှတ် ထားကြောင်းလည်း သိရသည်။

ခင်းကျင်းပြသထားမည်

 မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက်အား ပြည်သူများအကြား အမှတ်တရထင်ကျန်ခဲ့စေရန်အတွက် မြန်မာ့ရုပ်ရှင် လောကကို ပြီးခဲ့သည့် နှစ် ၁၀၀ ခန့်က ထူထောင်လာခဲ့ကြသော ပုဂ္ဂိုလ်ကြီးများ၊ မြန်မာ့ရုပ်ရှင် လောကတွင် ထင်ထင်ရှားရှား ပြောင်ပြောင်မြောက်မြောက် ဖန်တီးခဲ့ကြသည့် ပုဂ္ဂိုလ်များ၊ သရုပ်ဆောင်များ၊ ဒါရိုက်တာများနှင့်ဓာတ်ပုံပညာရှင်များ၏ ပေါ်ထွန်းခဲ့မှုများကို   ခင်းကျင်းပြသထားမည် ဖြစ်ကြောင်းလည်း သိရသည်။

ပွင့်သစ္စာ