ကွမ်ရင်စီတရုတ်ဗုဒ္ဓဘာသာသာသနာ့ရိပ်သာ

Listing Description

ကွမ်ရင်စီတရုတ်ဗုဒ္ဓဘာသာ သာသနာ့ရိပ်သာသည် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ အာဇာနည်လမ်း၊ အမှတ် ၅၈ တွင် တည်ရှိသည်။ ကွမ်ရင်မယ်တော်အား အမှူးထားတည်ဆောက်ထားသည့် ဤတရုတ်ဗုဒ္ဓဘာသာဘုရားကျောင်းဝင်းမှာ စာသင်ဆောင်များ၊ ဘုရားခန်းများ တန်းစီညီညာစွာ တည်ဆောက်ထားပြီး ကျောင်းဝင်းဗဟိုတွင် ကျယ်ဝန်းလှသော ပင်မခန်းမဆောင်အား ကျောက်တုံးများဖြင့် ဖန်တီးထားသည်မှာ ရန်ကုန်ရှိ အခြားဘုရားကျောင်းနှင့်မတူ တမူထူးခြားလှ၏။

၎င်းတစ်ထပ်ဆောင် အဆောက်အဦ၏ မြင့်မားသော သစ်သားမျက်နှာကျက်ကို ပန်းပွင့်ခက်နွယ်ပုံစံအမျိုးမျိုးဖြင့် ခြယ်သမှုများ၊ ထပ်ဆင့်ခေါင်မိုးလက်ရာများ၊ အရှေ့ဖက်တွင် တရုတ်ရိုးရာဆင်ဝင်ကြီးတစ်ခုကို တွေ့ကြရမည်ဖြစ်သည်။

ကိုရင်ငယ်များအတွက် ကျောင်းအဖြစ်ဖွင့်လှစ်ပေးထားသည့် ယင်းဘုရားကျောင်းတခွင်လုံးမှာ စာသင်ခန်းများဖြင့် ပြည့်နှက်နေပြီး တရုတ်ရိုးရာ ရှားပါး လက်ရေးပန်းချီများဖြင့် တန်ဆာဆင်ထားသည်။ အဆောက်အအုံရှေ့ပိုင်းတစ်နေရာ စင်္ကြန်လမ်းအတွင်းမျက်နှာပြင်၌ ချင်မင်းဆက်ခေတ် စာဆိုကျော် Zhu Daoze ရေးသားခဲ့သော ဗုဒ္ဓကဗျာတစ်ပုဒ်ကိုလည်း လက်ရေးပန်းချီအသွင်ဖြင့် ယနေ့တိုင် တွေ့မြင်နိုင်သေးသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သတ်မှတ်သော ရန်ကုန်မြို့ရှေးဟောင်းအမွေအနှစ် အဆောက်အအုံများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။