ထား

Listing Description

အဆိုတော် ထားကို ၁၉၄၁ ခုနှစ် ဇန်နဝါရီလတွင် အဖေ ရွှေတိုင်ညွန့် နှင့် အမိ ဒေါ်တင်စိန်တို့မှ ကြည့်မြင်တိုင်၊ ထီးတန်း ဈေးကလေးရပ်၌ မွေးဖွားသည်။ ထားတွင် မွေးချင်းလေးဦး ရှိပြီး အကိုကြီး ဂီတစာဆို ကိုမျိုးဆက်၊ လူရွှင်တော် ကိုတိုင်းကျော်၊ မရင်မြနှင့် ထားတို့ဖြစ်သည်။ ၁၉၅၈ ခုနှစ်မှစတင်၍ ဂီတနယ်သို့ ရောက်ရှိခဲ့သည်။

ဂီတဆရာများမှာ အကိုဖြစ်သူ ဂီတစာဆို ကိုမျိုးဆက်၊ ဗိုလ်ကလေးတင့်အောင်၊ ဂီတလုလင် မောင်ကိုကိုနှင့် အဆိုတော်ကြီး ကိုမင်းနောင်တို့ ဖြစ်ကြသည်။ ထား ဟူသောနာမည်ကိုလည်း ဗိုလ်ကလေးတင့်အောင် နှင့် ကိုမင်းနောင်တို့မှ ပေးခဲ့ခြင်း ဖြစ်သည်။ ရေဒီယိုဓာတ်ပြား၊ ရုပ်ရှင်နောက်ခံတေးနှင့် တေးစီးရီးခွေများကို အသံသွင်းခဲ့သည်။ ထား၏ ရုပ်ရှင်နောက်ခံတေးအစသည် “လကျာ်မင်းထင်” ဇာတ်ကားမှ အဆိုတော်ကြီး ကိုမင်းနောင်နှင့်အတူ သီဆိုခဲ့သော သီချင်းဖြစ်သည်။ အောင်မြင်ကျော်ကြာသော တေးအချို့မှာ “မွန်တို့ဌာနီ” “နက်ဖန်သို့မဟုတ် ဘယ်သောအခါ” “မုန်းဆက်မရွယ်” “သံသရာတကွေ့ဝယ်” တို့ဖြစ်သည်။ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ၏ ဗဟိုဒိုင် အဖြစ်လည်းကောင်း၊ မြန်မာ့အသံ၊ ခေတ်ပေါ်တေးဂီတ စိစစ်ရေးအဖွဲ့ဝင်အဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံးတွင် စည်းရုံးရေးမှူးအဖြစ် လည်းကောင်း ဆောင်ရွက်လျက်ရှိသည်။

၉၆၀-ခုနှစ်တွင် သွေးလှူဘဏ် ဆရာဝန်ကြီး ဒေါက်တာ ကြည်ခင်နှင့် အိမ်ထောင်ကျခဲ့ပြီး သားနှစ်ယောက် မွေးဖွားခဲ့သည်။ ဇော်မျိုးထွဋ် နှင့် ဇော်ဝင်းထွဋ် တို့ဖြစ်သည်။ နိုင်ငံတော်မှချီးမြှင့်သည့် လူမူထူးချွန်တံဆိပ် (ပထမအဆင့်) ကို ၂၀၀၄ ခုနှစ်တွင် ရရှိခဲ့သည်။

“ကြိုးကြီးချိတ်"၊ “မေတ္တာနုနု စေလိုသူ“၊ “နက်ဖြန် သို့မဟုတ် ဘယ်သောအခါ“ စသည့်သီချင်းများမှာ ထား၏ ထင်ရှားသော သီချင်းများဖြစ်သည်။ နောက်ပိုင်းတွင် ရုပ်ရှင်သီချင်း များစွာကိုသီဆိုခဲ့သည်။ ထား သီဆိုသော သီချင်းများအား အများဆုံး ရေးသားပေးသော ဂီတစာဆိုမှာ စန္ဒရားချစ်ဆွေ ဖြစ်သည်။