ဆောင်းလုလင် ၏ နှစ်ကိုယ်ခွဲနှင်းဆီ

Listing Description

ဆောင်းလုလင်
နှစ်ကိုယ်ခွဲနှင်းဆီ

ဆောင်းလုလင် ရဲ့ ၂၁အုပ်မြောက် ပင်ကိုယ်ရေး လုံးချင်းဝတ္ထုဖြစ်ပါသည်။ 
၂၀၀၈ ခုနှစ် ဇွန်လမှာ ဆုပြည့်စုံထွန်းစာပေမှ ထုတ်ဝေခဲ့တဲ့ စာအုပ်ဖြစ်ပါတယ်။
ဗီဒီယိုဇာတ်ကားအဖြစ် ၂ကြိမ်ရိုက်ကူးခဲ့တဲ့ ဝတ္ထုတပုဒ်လည်းဖြစ်ပါတယ်။ 

ဇာတ်လမ်းကတော့... သူတို့သဘောမတူတဲ့ချစ်သူနဲ့ဝေးအောင် မိဘများက ဝေသီထွန်းဆိုတဲ့မိန်းကလေးကို မန္တလေးကို ပို့လိုက်ပါတယ်။ ဝေသီထွန်းစီးသွားတဲ့ကားဟာ ညောင်လေးပင်အနီးမှာ တိမ်းမှောက်သွားပြီး ဝေသီထွန်း သတိလစ်သွားပါတယ်။ 
ဝေသီထွန်းသတိပြန်ရလာတဲ့အချိန်မှာ သူမဟာ မန္တလေးက အမာဇင်ဆိုတဲ့မိန်းကလေးတဦးဖြစ်ကြောင်း ပြောပါတယ်။ မှန်ထဲမှာ ပြန်မြင်ရတဲ့ သူ့ကိုယ်သူလည်း မမှတ်မိပဲ သူ့မျက်နှာကို ပြုပြင်ခံထားရတယ်လို့ စွပ်စွဲပါတယ်။ 
အရင်းစစ်ကြည့်လိုက်တော့ ဝေသီထွန်းစီးသွားတဲ့ကားပေါ်မှာ မန္တလေးက အမာဇင်ဆိုတဲ့မိန်းကလေးလည်း ပါလာခဲ့တယ်။ ကားတိမ်းမှောက်တော့ အမာဇင်​သေသွားပြီး အမာဇင်ရဲ့ဝိညာဥ်က ဝေသီထွန်းကိုယ်ထဲကို ဝင်ပူးနေကြောင်း သိလိုက်ရပါတယ်။ 
ဝေသီထွန်းရဲ့အစွဲအလမ်းပျောက်အောင် ဝေသီထွန်းကို အမာဇင့်အိမ်ရှိရာ မန္တလေးကို လွှတ်လိုက်ပါတယ်။ အမာဇင့်အိမ်ရောက်လို့ အမာဇင့်မိဘတွေက သူတို့သမီးသေပြီလို့ ပြောပြလိုက်ရင် ဝေသီထွန်းရဲ့အစွဲတွေ ကျွတ်သွားမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ပါ။
ဒါပေမယ့် အမာဇင်တို့အိမ်အရောက်မှာ သေသွားတဲ့သမီးလေးကို လွမ်းဆွေးနေတဲ့ အမာဇင့်မိဘများက ဝေသီထွန်းကို သူတို့သမီးလေးနေရာမှာ အစားထိုးချစ်ခင်ပြီး အလိုလိုက်ထားတာကြောင့် ဝေသီထွန်းဝေဒနါဟာပိုဆိုးသွားပါတယ်။
ဝေသီထွန်းဘဝက ချစ်သူ ကိုသော့်ကို မျက်နှာချင်းဆိုင်တွေ့သော်လည်း မမှတ်မိခဲ့။ အမာဇင်တို့အိမ်ရောက်တော့ အမာဇင်နဲ့စေ့စပ်ထားတဲ့ကိုလင်းကို နွဲ့ဆိုးဆိုးပြီး ချစ်မိသွားတဲ့ ဝေသီထွန်း။ ကိုလင်းကလည်း အမာဇင့်တုန်းက လူကြီးချင်းသဘောတူလို့ အလိုက်သင့်သာနေခဲ့ပြီး အမာဇင့်အပေါ် နှမလေးတယောက်လိုသာ ချစ်ခဲ့တာဖြစ်ပါတယ်။ ဝေသီထွန်းနဲ့ဆုံရတဲ့အခါမှာတော့ တကယ့်အချစ်တွေ ကိုလင်းရင်မှာ ပေါက်ဖွားခဲ့ရပါပြီ။
ဝေသီထွန်း ဘဝအစစ်အမှန်ကို ပြန်ရမှာလား။ ဘဝမှန်ပြန်ရခဲ့ရင် ဝေသီထွန်းဘဝကချစ်သူ ကိုသော်နဲ့ အမာဇင်အဖြစ် ချစ်ရတဲ့ကိုလင်းတို့ အနာဂတ်ကို ဘယ်လိုရှေ့ဆက်မလဲ။
အလှည့်အပတ်များ၊ အရှုပ်အ​ထွေးများ၊ အခက်အခဲများ၊ သံသယများနဲ့ ရေးဖွဲ့ထားတဲ့... သည်းထိတ်ရင်ဖို ဂမ္ဘီရဆန်းကြယ် ဝတ္ထုတပုဒ်ဖြစ်ပါတယ်။

ဒီဝတ္ထုကို မဟော်ဂနီထုတ်လုပ်ရေးမှ ဒါရိုက်တာမီးပွားက မြင့်မြတ်၊ ဆန်းထွဋ်၊ စိုးမြတ်နန္ဒာ၊ ခင်လေးနွယ် တို့ပါဝင်သရုပ်ဆောင်ပြီး #နှစ်ကိုယ်ခွဲချစ်သူ အမည်နဲ့ရိုက်ကူးခဲ့ပါတယ်။

မာန်ထက်ချီဗီဒီယိုထုတ်လုပ်ရေးမှလည်း ဤဝတ္ထုကို ဒါရိုက်တာ ညွန့်မြန်မာညီညီအောင် သရုပ်ဆောင်များအဖြစ် ဟိန်းဝေယံ၊ သက်မွန်မြင့်၊ ရွှေပိုးအိမ်..တို့နဲ့ #လွမ်းသူ့ဝိညာဥ် အမည်ဖြင့်ရိုက်ကူးခဲ့ပါတယ်။