အမျိုးသားပြတိုက်(ရန်ကုန်)

Listing Description

အမျိုးသားပြတိုက်(ရန်ကုန်)သည် ဒဂုံမြို့နယ် ပြည်လမ်း အမှတ် ၆၆/ ၇၄ တွင် တည်ရှိပါသည်။ မြန်မာနိုင်ငံ၏ ပထမဆုံး အမျိုးသားပြတိုက်ကို ၁၉၅၂ ခုနှစ် ဇွန်လတွင် ရွှေတိဂုံဘုရားလမ်းရှိ ဂျူဗလီဟော အဆောက်အဦးတွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ၁၉၇၀ ခုနှစ်တွင် ပန်းဆိုးတန်းလမ်း ၊ ဂရင်းလေးဘဏ်သို့ ပြောင်းရွှေ့ခဲ့ပြီး ၁၉၉၆ ခုနှစ်၊ စက်တင်ဘာ ၁၈ ရက်နေ့တွင် ယခုလက်ရှိတည်နေရာ၌ အများပြည်သူ လေ့လာနိုင်စေရန် ဖွင့်လှစ်ခဲ့ပါသည်။ ငါးထပ်မြင့်အဆောက်အဦးဖြစ်ပြီး အလျား ပေ ၃၈၀၊ အနံ ပေ ၂၀၀ ၊ အမြင့် ပေ ၈၀ ရှိပါသည်။

မြေညီထပ်တွင် ဘီစီ ၃ ရာစုမှ အေဒီ ၂၀ ရာစုအထိ အဆင့်ဆင့်တိုးတက်ပြောင်းလဲလာသော မြန်မာအက္ခရာစဉ်များကို လေ့လာနိုင်ပါသည်။ ထို့ပြင် အလောင်းမင်းတရားကြီးက အင်္ဂလန်နိုင်ငံ ဒုတိယမြောက် ဂျော့ဘုရင်ကို ပေးပို့ခဲ့သော ပတ္တမြားကျောက်စီ ရွှေပေလွှာကိုလည်း လေ့လာနိုင်ပါသည်။ သီပေါဘုရင် ထိုင်ခဲ့သော ဆင်စွယ်ကုလားထိုင်၊ ဒုရင်တော်၊ မန္တလေး မြနန်းစံ ကျော် ရွှေနန်းတော်၏ ပုံစံငယ်၊ ဓာတ်ပုံနှင့် ပန်းချီကားများ၊ နန်းတွင်းသုံးပရိဘောဂပစ္စည်းများနှင့် တော်ဝင်မျိုးနွယ်တို့၏ အခမ်းအနားသုံး ဝတ်စုံများကို ပြသထားပါသည်။ ရန်ကုန်အမျိုးသားပြတိုက်၏ အဓိကပြသပစ္စည်းဖြစ်သော ယမနေသားဖြင့် ထုလုပ်ထားသည့် နှစ်ပေါင်း ၁၅၀ သက်တမ်းရှိ သီဟာသနပလ္လင်ကြီးကိုလည်း ခန်းနားထည်ဝါစွာ တွေ့မြင်လေ့လာနိုင်ပါသည်။ သီဟာသနပလ္လင်သည် ၁၉၀၂ ခုနှစ်တွင် ဗြိတိသျှတို့က အိန္ဒိယသို့ယူဆောင်သွားခဲ့ပြီး ၁၉၄၈ ခုနှစ်တွင မြန်မာနိုင်ငံ မြန်မာအကျိုးကို လိုလားသော အဂ္ဂမဟာ သီရိသုဓမ္မလော့ဒ်မောင့်ဘတ်တန်က မြန်မာပြည်သူများအတွက် သီဟာသနပလ္လင်ကို မြန်မာပြည်သို့ ပြန်ပို့ပေးခဲ့ခြင်းဖြစ်ပါသည်။

ပထမထပ်တွင် ရွှေသားစစ်စစ်ဖြင့် ပြုလုပ်ထားသော နန်းတွင်းသုံး ပစ္စည်းများ၊ မြေမီးဖုတ်အုတ်ခွက်ဘုရားများ၊ ပုဂံရှိဘုရားစေတီများ၏ ဓာတ်ပုံနှင့် ပန်းချီကားများ၊ အေဒီ ၁၀ ရာစုမှ ၁၃ ရာစုအတွင်းရှိ ကျောက်စာများကို ကူးရေးထားသည့် မင်ကူးများ၊ ပင်းယခေတ်မှ ကုန်းဘောင်ခေတ်အထိ ထွန်းကားခဲ့သော လက်ရာပစ္စည်းများ၊ ပရိုင်းမိတ်များ၊ ကျောက်ဖြစ်ရုပ်ကြွင်းများ ပြသထားပါသည်။

ဒုတိယထပ်တွင် ယုံကြည်ကွယ်ကွယ်မှုနှင့်ဆိုင်သော ပစ္စည်းများ၊ ရက်ကန်းပစ္စည်းများ၊ မြန်မာ့ရိုးရာပန်းဆယ်မျိုးအနုပညာလက်ရာများ၊ မြန်မာ့ရိုးရာကလေးကစားစရာပစ္စည်းများ၊ မြန်မာ့ဆိုင်းဝိုင်း၊ စောင်းတူရိယာအမျိုးမျိုးနှင့် တိုင်းရင်းသားတို့၏ တူရိယာပစ္စည်းများ၊ မြန်မာ့ရုပ်သေးရုပ်များကို ပြသထားပါသည်။

တတိယထပ်တွင် ပျူခေတ်မှ ရတနာပုံခေတ်အထိ ဝတ်ဆင်လာခဲ့ကြသော ရှေးဟောင်းလက်ဝတ်ရတနာပစ္စည်းများကို ပြသထားပါသည်။

စတုတ္ထထပ်တွင် ပျူခေတ်မှ ရတနာပုံခေတ်အထိ ခေတ်အဆက်ဆက် ဗုဒ္ဓရုပ်ပွားတော်များ၊ အုတ်ခွက်ဘုရားများအပြင် မျက်မှောက်ခေတ် ဗုဒ္ဓဆင်းတုတော်များ၊ တိုင်းရင်းသားမျိုးနွယ်စုအသီးသီး၏ ဝတ်စားဆင်ယင်ထုံးဖွဲ့မှု သရုပ်ဖော် ရုပ်လုံးများ၊ တိုင်းရင်းသားများအသုံးပြုသည့် တူရိယာများနှင့် ရိုးရာဓလေ့ဆိုင်ရာပစ္စည်းများကို ပြသထားပါသည်။

ပဉ္စမထပ်တွင် ဗုဒ္ဓဝင်ပြခန်း၊ တိုင်းရင်းသားကျေးရွာပြခန်းနှင့် အာဆီယံ၁၀ နိုင်ငံ၏ ယဉ်ကျေးမှုဆိုင်ရာ ပစ္စည်းများကို ပြသထားပါသည်။

ရန်ကုန်အမျိုးသားပြတိုက်တွင် ပြသပစ္စည်း လေးထောင်ကျော်ရှိပြီး ပြသပစ္စည်းလေးထာင်ကျော်ထဲမှ အမျိုးပေါင်းသုံးဆယ်ကို မြန်မာ၊ အင်္ဂလိပ်၊ ဂျပန်၊ တရုတ်ဘာသတို့ဖြင့် အသံဖိုင်ပြုလုပ်ရှင်းလင်းပြသထားရာ အသံဖိုင်အား အခမဲ့ငှားယူ နားဆင်နိုင်ပါသည်။ ပြတိုက်ကြီးကို တနင်္လာနေ့နှင့် ပြန်တမ်းဝင်ရုံးပိတ်ရက်များမှအပ ကျန်နေ့ရက်များတွင် နံနက် ၉း၀၀ မှ ညနေ ၄း၃၀ အထိ ဖွင့်လှစ်ပြသထားလျက်ရှိပါသည်။