ရှင်အဇ္ဇဂေါဏဘုရား

Listing Description

ရှင်အဇ္ဇဂေါဏဘုရားသည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့တောင်ဘက်၊ မင်းနန်သူရွာသို့ အသွားကားလမ်းနံဘေး၊ ဝိနည်းဓိုရ်ဘုရားစုအနီး တည်ရှိပါသည်။ ရှင်အဇ္ဇဂေါဏဘုရားကို ကျစွာမင်းလက်ထက် မဟာသမန်းကြီးအမည်ရှိ အမတ်ကြီးနှင့်ဇနီးဖြစ်သူတို့က တည်ထားကြောင်း ကျောက်စာမှတ်တမ်းရှိသော်လည်း ပုဂံစေတီပုထိုးများကို အမည်ပေးခဲ့စဉ်က ယင်းဘုရားဝင်းအတွင်းမှ အဂ္ဂိရတ် ထိုးရာတွင် အသုံးပြုသော လုံကွဲများ၊ မီးသွေးခဲများ၊ ပြာများကို တွေ့ရှိခဲ့ရသဖြင့် ပုဂံဒဏ္ဍာရီတွင် ထင်ရှားသော အဂ္ဂရတ်ပညာရှင် ရှင်အဇ္ဇဂေါဏကို အစွဲပြု၍ ရှင်အဇ္ဇဂေါဏဘုရားဟု သမုတ်ခဲ့ခြင်းသာဖြစ်ပါသည်။ ဘုရား၏အဝင်ဝနှင့် အတွင်းဘက်နံရံများတွင် အတန်ငယ်မှေးမှိန်နေပြီဖြစ်သော်လည်း အဆင့်အတန်း မြင့်လှသည့် နံရံဆေးရေးပန်းချီများနှင့် ကမ္ပည်းစာများကို တွေ့နိုင်သေးသည်။ ရာဇဝင်လာ ဇာတ်နိပါတ်တော်များကို အဆန်းတကျယ်လက်ရာ အမွှန်းအပြောက်များဖြင့် တန်ဆာဆင်ဖန်တီးထားသည်။ စေတီအရှေ့ဘက်ဆောင်၏ တောင်ဘက်နံရံမှ ဇာတ်ကွက်များပေါ်တွင် စာတန်းရှည်တစ်ခုရှိပြီး ဤပန်းချီလက်ရာများကို တန်ဆာဆင်သူမှာ ငါဝံသသင်ဖြစ်ကြောင်း ရေးထိုးထားသည်။ ရှင်အဇ္ဇဂေါဏဘုရားသည် ခုံအမြင့်ပေါ်တွင်တင်ကာ ဆောက်လုပ်ထားသည်။  အလယ်မဏ္ဍိုင်ကိုမထည့်သွင်းဘဲ အုတ်နံရံ ၄ ဘက်မှ တက်လာသော ခုံးမိုး ၄  ခုပေါင်းဆုံကာ စုထိုးပေါင်းမိုးအဖြစ်အထက်သို့ ကွမ်းတောင်တက်ထားသော သာမန်ပုဂံဘုရားတို့နှင့် မတူသည့် ဘုရားဖြစ်သည်။ တိုင်မပါသော ဤတည်ဆောက်ပုံမျိုးသည် ခုံးမိုးများကို ပိုင်နိုင်ကျွမ်းကျင်စွာ အသုံးချနိုင်သော ပုဂံခေတ်၏ ဆောက်လုပ်ရေး နည်းပညာကို ပြသနေသော ဗိသုကာဖြစ်ပြီး ရှားပါးဘုရားတစ်ဆူ လည်းဖြစ်သည်။ အပြင်ဖက်ပိုင်းတွင် အင်္ဂတေအမွန်းပန်းတို့သည် အတော်ပင်ကောင်းမွန်နေသေးသည်။ ဘုရားမြောက်ဘက် အုတ်တိုက်ကြီးအတွင်း၌ ရှင်မထီးဓာတ်ခန်းဖွင့်လှစ်ထားရာ အဓိဋ္ဌာန်ဝင်လိုသူများ အထူးလာရောက်လေ့ရှိကြပြီး ယင်းဓာတ်ခန်းတွင် ဘုရားရုပ်ပွားဆင်းတု၊ ရှင်မထီးရုပ်တု၊ ရက်ကန်းစင်တောင်ဆရာတော်ရုပ်တု၊ ဘိုးဘိုးအောင်ရုပ်တု၊ ဘိုးမင်းခေါင်ရုပ်တုများ ထုလုပ်ထားရှိပါသည်။