နက္ခတ်တာရာပြခန်း(ရန်ကုန်)

Listing Description

နက္ခတ်တာရာပြခန်း(ရန်ကုန်)သည် ရန်ကုန်မြို့ ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင် အနောက်ဝင်ပေါက်အနီးတွင် တည်ရှိပါသည်။ နက္ခတ်တာရာပြခန်းကို ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အထိမ်းအမှတ်အဖြစ် ဂျပန်နိုင်ငံအစိုးရက ၁၉၈၇ ခုနှစ်တွင် တည်ဆောက်ပေးခဲ့ပါသည်။ နက္ခတ်တာရာပြခန်းတွင် လူ ၂၀၀ ခန့် ဝင်ရောက်ကြည့်ရှုနိုင်သော ထိုင်ခုံများ ပြင်ဆင်ထားပေးပြီး ပွဲချိန်တစ်ချိန်ကို မိနစ် ၂၀ ခန့်မျှ ကြာမြင့်ကာ ပြသပေးပါသည်။ ပွဲစဉ် တစ်ခုကို အပိုင်း နှစ်ပိုင်းခွဲ၍ ပြသပေးကာ ပထမပိုင်းတွင် ရုပ်ပုံများ၊ ပန်းချီကားများအကြောင်း ပြသပေးပြီး ဒုတိယပိုင်းတွင် ကြယ်များနှင့် နက္ခတ်တာရာအစုအဝေးများအကြောင်းကို ပြသပေးပါသည်။ စကြဝဠာအတွင်း ဖွဲ့စည်းဖြစ်တည်နေသော ဂြိုဟ်၊ နက္ခတ်တာရာ နှင့် ကြယ်များ၊ ကြယ်စင်အစုအဝေးများကို မျက်မြင်လေ့လာသိရှိနိုင်ပြီး ဗဟုသုတ ရရှိစေမည်ဖြစ်ပါသည်။ အဆိုပါနက္ခတ်တာရာပြခန်းကို ကျန်းမာရေးဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ပထမဦးစွာ တာဝန်ယူထိန်းသိမ်းပြသခဲ့ပြီး ၁.၃.၁၉၈၈ ရက်နေ့တွင် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသန အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနက လွှဲပြောင်းတာဝန်ယူပြသခဲ့ပြီးနောက် ၃.၂.၂၀၀၉ ရက်နေ့မှစတင်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနက ဆက်လက်၍ တာဝန်ယူထိန်းသိမ်းကာ တနင်္လာနေ့နှင့် အခြားရုံးပိတ်ရက်များမှအပ ကျန်နေ့ရက်များတွင် နံနက် ၁၀ နာရီမှ ညနေ ၃ နာရီထိ ဖွင့်လှစ်ပြသပေးလျက်ရှိပါသည်။