ဒဂုန်နတ်ရှင် (၁၈၉၈ - ၁၉၈၉)

Listing Description

စာရေးဆရာကြီး ဒဂုန်နတ်ရှင်ကို ၁၂၆ဝ ပြည့်နှစ်၊ နတ်တော်လဆန်း ၁၁ ရက် (၁၈၉၈ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်) တွင် မန္တလေးမြို့၌ ဖွားမြင်သည်။ မိဘနှစ်ပါးမှာ ဦးရှိန်း၊ ဒေါ်ခင်အိုကြီးတို့ဖြစ်သည်။ ဆရာကြီး၏ အမည်ရင်းမှာ ဦးမောင်မောင်ကြီး ဖြစ်သည်။

သုံးနှစ်သား အရွယ်ကပင် မြန်မာစာပေ စတင် သင်ကြားပြီး ရှင်သာမဏေဝတ်ဖြင့် သဒ္ဒါ၊ သင်္ဂြိုဟ် စသည့် လောကုတ္တရာ စာပေများကို ဆည်းပူးသည်။ ထို့နောက် အင်္ဂလိပ် - မြန်မာ နှစ်ဘာသာသင် အထက်တန်းကျောင်းတွင် ဆက်လက် ပညာ သင်ကြားသည်။

အသက် ၁၆ နှစ် အရွယ်က ဉာဏ်ကျယ် အုန်းဖေ ခေါ် ဝတ္ထုတပုဒ် စမ်းသပ် ရေးသားခဲ့ဖူးသည်။ ဂီတကိုလည်း လေ့လာ လိုက်စားခဲ့သည်။ ပျဉ်းမနားတွင် နေထိုင်စဉ် လယ်တီပဏ္ဍိတ ဦးမောင်ကြီး၊ ကန်ဦးဆရာတော်၊ ဟံသာဝတီ ဦးနတ်သား၊ ဝံသရက္ခိ ပိဋကတ်တိုက် ဆရာလှ စသော ပညာရှိများထံ ဆည်းကပ်ပြီး မြန်မာစာပေ၊ ပါဠိ စာပေများ လေ့လာ လိုက်စားခွင့် ရခဲ့သည်။ ပျဉ်းမနား၌ပင် သီတင်းသုံးလျက် ရှိသော ပုခန်း ဆရာတော်နှင့် လယ်တီ ဆရာတော်တို့ထံ ဆည်းကပ်ပြီး လောကုတ္တရာ ဆိုင်ရာ ခဲရာခဲဆစ် ပြဿနာများကို မေးမြန်း လေ့လာ ဆည်းပူးခွင့် ရခဲ့သည်။ အထူးသဖြင့် မြန်မာစာပေ နှံ့စပ်သော ကန်ဦးကျောင်း ဆရာတော်၏ ကျေးဇူးကြောင့် မြန်မာ စာပေ အခြေခံ ကောင်းကောင်း ရခဲ့သည်။

၁၉၁၉ ခုနှစ်တွင် ကျောင်းမှ ထွက်ပြီးနောက် ကြေးနန်း အင်ဂျင်နီယာ ဌာန မင်းကြီးရုံးတွင် အမှုထမ်းသည်။ မကြာမီ အလုပ်ထွက်၍ ပညာ ဆက်လက် သင်ကြားရင်း မော်ဒန် ဘားမားတိုင်း သတင်းစာတွင် လက်ထောက် အယ်ဒီတာ အဖြစ် ဆောင်ရွက်သည်။ တက္ကသိုလ် သပိတ်မှောက်ပြီးချိန်တွင် ပျဉ်းမနားမြို့၌ နေရှင်နယ် ကျောင်းအုပ် ဆရာကြီး အဖြစ် ဆောင်ရွက်ခဲ့သည်။

မဂ္ဂဇင်းများတွင်လည်း "ပျဉ်းမနား ဦးမောင်မောင်ကြီး"၊ "မန်းကြည်" ကလောင် အမည်များဖြင့် ကဗျာများ၊ ဝတ္ထုတိုများ ရေးသည်။ ဒဂုန် မဂ္ဂဇင်းသို့ ကဗျာများ ရေးသား ပေးပို့ရာ မဂ္ဂဇင်း မန်နေဂျာက "ဒဂုန်နတ်ရှင်" ဟူ၍ ကလောင်အမည် မှည့်ပေးရာမှ ထိုအမည်ကို လက်ခံ သုံးစွဲခဲ့သည်။

ရန်ကုန် မြန်မာအဆွေ ရုပ်ရှင် ကုမ္ပဏီက ရိုက်သော ဇာတ်ကားများအတွက် သီချင်းများကို ပျဉ်းမနားမှ ရေးသားပေးပို့ရာ ကုမ္ပဏီက နှစ်သက်သည့်အတွက် ရန်ကုန်သို့ ခေါ်သဖြင့် ၁၉၂၉ ခုနှစ်တွင် ရန်ကုန်သို့ ပြောင်းရွှေ့ပြီး ဒဂုန်မဂ္ဂဇင်းတွင် လက်ထောက်အယ်ဒီတာအဖြစ် ဝင်ရောက် လုပ်ကိုင်သည်။ မြန်မာအဆွေ အတွက်လည်း ရုပ်ရှင် ဇာတ်ညွှန်းများ ရေးရသည်။ အိန္ဒိယနိုင်ငံသို့ သွားရောက်၍ ရုပ်ရှင် ရိုက်ရာတွင် လိုက်ပါ သွားခဲ့ဖူးသည်။ ၁၉၃၃ ခုနှစ်တွင် ဒဂုန် မဂ္ဂဇင်းတိုက်မှ နုတ်ထွက်ခဲ့သည်။

ထို့နောက် ဗဟိုသိပ္ပံ မဂ္ဂဇင်းတွင် အယ်ဒီတာချုပ် အဖြစ် လည်းကောင်း၊ တက္ကသိုလ် သိပ္ပံ မဂ္ဂဇင်း၊ တိုးတက်ရေး မဂ္ဂဇင်း၊ ဆယ်သန်း ဂျာနယ်တို့တွင် အယ်ဒီတာအဖြစ် လည်းကောင်း၊ မောရိယ နေ့စဉ် သတင်းစာ၊ ရန်ကုန် နေ့စဉ် သတင်းစာနှင့် စတူးဒင့်ဝေါ အင်္ဂလိပ် သတင်းစာတို့တွင် အယ်ဒီတာချုပ် အဖြစ် လည်းကောင်း ဆောင်ရွက်ခဲ့သည်။

ရန်ကုန်မြို့ ဗုဒ္ဓဘာသာနှင့် ကမ္ဘာ့ ဆက်ဆံရေး အဖွဲ့ကြီး အတွင်းရေးမှူး၊ မြန်မာနိုင်ငံ စာရေးဆရာ အသင်း ဥက္ကဋ္ဌ၊ ဗုဒ္ဓသာသနာ့ အဖွဲ့၊ ငါးပါးသီလ လုံခြုံရေး အဖွဲ့တို့တွင် ကော်မတီဝင်၊ ကျောင်းသုံးစာအုပ် ကော်မတီဝင် စသည့် တာဝန်များကိုလည်း ဆောင်ရွက်ခဲ့သည်။

ဆရာကြီးသည် စာအုပ်စာတမ်း များစွာ ရေးသား ပြုစုခဲ့သည်။ အိမ်ထောင်ဦး ရှုဖွယ်ကျမ်း ('သူရသတ္တိ' အမည်ဖြင့် ထပ်မံ ဖြည့်စွက်သည်)၊ အချစ်ဂဏ္ဍိ၊ ယောက်ျား၊ ခြင်္သေ့စိတ်၊ လူ့သွေးခေါ် သွေးတိုးကျမ်း၊ ဓာတ်ချုပ်ရောဂါ ကုထုံးကျမ်း၊ ဆရာဝန် ဒိုင်ယာရီ (သုံးတွဲ)၊ သုတကြေးမုံ၊ လောကနိဗ္ဗာန်၊ စိတ်ပညာကျမ်း (ခြောက်တွဲ)၊ မြန်မာ့ရိုးရာ ကွမ်းဓလေ့၊ မြန်မာ့ရိုးရာ ဆင်တန်ဆာ၊ အကြံသစ်၊ အာဇာနည်၊ ပါနောက်၏ ရုပ်ကြီးစင်၊ စာပေဝတ်ဆံ (ရှစ်အုပ်)၊ မြန်မာ့လုပ်ငန်း ဆယ်ပွင့်ပန်း၊ ဒဂုန်နတ်ရှင်၏ ဘဝခရီးစဉ်၊ ရတနာပုံ နိဒါန်း၊ ဘာသာရေး အမွေအနှစ်များ၊ စာပေ အမွေအနှစ်များ စသည်တို့ ဖြစ်သည်။

မြန်မာစာပြု စာဆို ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိဖြင့် ၁၉၅၅ ခုနှစ်တွင် စာပေဗိမာန် သုတပဒေသာ ဆုကို လည်းကောင်း၊ မြန်မာ့ရိုးရာ ကိန်းဂဏန်း သင်္ချာ စာအုပ်ဖြင့် ၁၉၈၃ ခုတွင် အမျိုးသား စာပေဆုကို လည်းကောင်း ရရှိခဲ့သည်။

ဆရာကြီးသည် ၁၃၅ဝ ပြည့်နှစ်၊ တပေါင်းလဆန်း ၆ ရက် (၁၉၈၉ ခု၊ မတ်လ ၁၂ ရက်) နေ့တွင် ကွယ်လွန်ခဲ့သည်။