ဒဂုန်ခင်ခင်လေး (၁၉၀၄ - ၁၉၈၁)

Listing Description

ဒဂုန် ခင်ခင်လေးသည် မန္တလေးမြို့ ဇာတိဖြစ်၍ ၁၂၆၅ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက် (၁၉၀၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ဝ ရက်) စနေနေ့တွင် ဖွားမြင်သူ ဖြစ်သည်။ အမည်ရင်း ခင်လေးလတ်ဖြစ်သည်။ ဖခင်မှာ ရဲအင်စပိတ်တော် ဦးမောင်မောင်ကျော် ခေါ် ဦးမြတ်ကျော် ဖြစ်၍၊ မိခင်မှာ (ဝက်မစွတ် မြို့စားမင်း၏သမီးလတ်) ဒေါ်ခင်ခင်လတ် ဖြစ်သည်။

ဖခင်မှာ အစိုးရအမှုထမ်းဖြစ်သည့်အားလျော်စွာ ကျောက်ပန်းတောင်း၊မကွေး၊ ရွှေဘို၊ မြင်းခြံ၊ မိုးကုတ်မြို့များတွင် ကျောင်းနေခဲ့သည်။ ကျောက်ပန်းတောင်းရှိ မြန်မာစာ ၇ တန်းကျောင်းတွင်နေစဉ် တတိယတန်း၌ စကောလားရှစ်နှင့်အောင်ပြီး လေးတန်းရောက်သော် အင်္ဂလိပ်-မြန်မာကျောင်း တက်ရောက်သင်ကြားရသည်။

၁၂ နှစ်သမီးအရွယ်၌ပင် စာပေလောကသို့ ဝင်ရောက်ခဲ့သည်။ မြန်မာစာပေလောက၌ ပထမဦး ဆုံးသော အမျိုးသမီးကာလပေါ် မြန်မာဝတ္ထုရေးဆရာမဖြစ်သည်။ ၁၉၁၆ ခုနှစ်တွင် 'နွဲ့နွဲ့' ဟူသော ဝတ္ထုတိုကလေးကို စတင် ရေးသား ပေးပို့ရာ သူရိယ မဂ္ဂဇင်း ဝတ္ထုတိုပြိုင်ပွဲတွင် အကောင်းဆုံး ဝတ္ထုအဖြစ် ရွေးချယ်ခံရပြီး၊ ၁၉၁၇ ခုနှစ်ထုတ် သူရိယ မဂ္ဂဇင်း အတွဲ (၁)၊ အမှတ် (၆) တွင် ထည့်သွင်း ဖော်ပြခံရသည်။ ထိုစဉ် က ဒဂုန်ခင်ခင်လေး၏ ကလောင်အမည်မှာ အင်္ဂလိပ်ဘာသာ အတိုကောက် “K.L.K” ဖြစ်ပြီး အရှည်ကောက်မှာ ‘ခင်လေးကုမ္မာရီ’ ဖြစ်သည်။ ‘ရှင်မင်းညို’၊‘ရဲလျှင်မင်းဖြစ်’စသောဝတ္ထုများ ကို ဆက်လက်ရေးသားသည်။

သူရိယမဂ္ဂဇင်းနှင့် မြန်မာ့အလင်းမဂ္ဂဇင်း နှစ်စောင်တွင် ‘သစ္စာနှင့် မေတ္တာ’၊‘စိန်နှင့် ဘေး’၊ ‘အချစ်နှင့် အမြစ်’၊ ‘စကားပြေ ဝတ္ထုတိုလေးများ’ ရေးပို့ခဲ့သည်။ ခင်ခင်လေးဝတ္ထုတိုလေးများမှာ သုံးလတစ်ကြိမ် အလှည့်ကျပါလာခဲ့သည်။ ၂ နှစ်အတွင်း အဆက်မပြတ် ပါလာပြီး ၁၉၂၁ ခု နှစ်တွင် မန္တလေးမြို့မှနေ၍ ကိုယ်တိုင်အမျိုးသမီးမဂ္ဂဇင်းကို ‘ကြည်တော်ဆက်’ မဂ္ဂဇင်းအမည်ဖြင့် (၁၅) ရက်တစ်ကြိမ် အချိန်မီထွက်နိုင်အောင် ကြိုးပမ်းခဲ့ပြီး ကိုယ်တိုင်ထုတ်ဝေခဲ့သည်။

၁၉၂ဝ ခုနှစ်တွင် ဒဂုန်မဂ္ဂဇင်းတွင် စာပေဝတ္ထုဆောင်းပါး များရေးသားသည်။ ဒဂုန်မဂ္ဂဇင်း အတွဲ (၁)၊ အမှတ် (၆) တွင် အလင်းရောင်ဝတ္ထုကို စတင်ရေးပြီး ဝတ္ထုဆောင်းပါး အမြောက်အမြားကို စဉ်ဆက်မပြတ် ရေးသားခဲ့ သည်။ ဒဂုန်ခင်ခင်လေး အမည်ဖြင့် ခေတ်ပေါ်ရာဇဝင်ဝတ္ထုများ ရေးသည်။ ‘ကိုကိုလေး’ အမည်ဖြင့် မှော်ဆရာမှတ်တမ်းဝတ္ထုများကို ရေးသည်။

ပုဂံခေတ် ဆံထုံး ၅၅ မျိုးကို အဲချင်းရော၊ ပုံများပါ 'ရတနာပုံ ထိပ်တင်လှိုင်'အမည်နှင့် ယုဝတီဝတ္ထုဆောင်းပါးအခန်းအတွက် ဆံထုံးကာ အဲ မောင်းလှံထိုးအမျိုးမျိုး၊ အိမ်တွင်းမှုဇာထိုး၊ ပန်းထိုးအပ်ချုပ် လက်မှုပညာအဖြာဖြာ ဆောင်းပါးများကို ရေးသားခဲ့သည်။

၁၉၂၁ ခုနှစ်တွင် မန္တလေးမြို့မှနေ၍ ကိုယ်ပိုင်အမျိုးသမီးမဂ္ဂဇင်းတွင် ပျောက်ဆုံးသော ‘ပတ္တမြားကြီး’၊ ‘မသန်းရီ’၊ ‘မျိုးချစ်လမ်း ညွန်’ နှင့် ‘မာန’ ဝတ္ထုရှည်များ ရေးသားခဲ့သည်။

၁၉၂၃ ခုနှစ်ခန့်မှစ၍ အေဝမ်း (မြန်မာအဆွေ) ရုပ်ရှင်ဇာတ်ညွန်းများရေးပေးခဲ့သည်။ ပထမဆုံးဇာတ်ညွန်းမှာ စိမ်းရောင်စို ဖြစ်သည်။ ဒဂုန်ခင်ခင်လေး၏ ဒဂုန်မဂ္ဂဇင်းပါ ‘တမြေစံ’ဝတ္တုကြီးကို ဒဂုန်မဂ္ဂဇင်းထုတ်ဝေခဲ့၍ မြန်မာအဆွေအေဝမ်းရုပ်ရှင်ကုမ္ပဏီမှ ၁၉၂၇ ခုတွင် ဒါရိုက်တာဦးညီပုက ‘မြအေးယဉ်’ အမည်ဖြင့် ရုပ်ရှင်ရိုက်ကူးခဲ့ရာ မောင်မောင်စိုး၊ မမြညွန့်၊ သာချို၊ မသောင်း၊ ဒေါ်ဂျမ်းစိန်တို့ ပါဝင်သရုပ်ဆောင်ခဲ့ကြသည်။

၁၉၃၅ ခုနှစ်တွင် ‘စာဆိုတော်’ ဝတ္ထုပထမတွဲကို စတင်ရေးသားသည်။ ထို့နောက် တော်လှန်ရေးဝတ္တု ‘ရွှေစွန်ညို’ ကို ရေးသား ခဲ့သည်။ ယင်းဝတ္တုကို ‘ရည်းစားဓားပြ’ အမည်ဖြင့် ရိုက်ကူးခဲ့သည်။

၁၉၃၉ ခုနှစ်မှ ၁၉၄၁ ခုနှစ်အထိ ဒဂုန်ခင်ခင်လေး စာအုပ်တိုက် ‘တိုင်းပြု ပြည်ပြု’ ပုံနှိပ်တိုက်ကိုတည်ထောင်ပြီး ဝတ္ထုရှည် (၃ဝ) ပုဒ်ခန့် ရေး သားထုတ်ဝေသည်။ ‘စာဆိုတော်’ (ပထမ၊ ဒုတိယ၊ တတိယတွဲ) မှာ သူ၏ထင်ရှားသောရာဇဝင်နောက်ခံ ဝတ္ထုဖြစ်သည်။ ထို့နောက် ‘ကျွန်း ဦးတည့် သန်လျက်ခုံ’ ရာဇဝင်နောက်ခံ ခရီးသွားစာပေကို ရေးသားခဲ့သည်။

စာပုံနှိပ်လုပ်ငန်းကို မြန်မာ နိုင်ငံသို့ ဂျပန်တို့ဝင်ရောက်လာ သည်အထိ လုပ်ကိုင်ခဲ့သည်။ ဂျပန်ခေတ်နှင့် အင်္ဂလိပ်ပြန်ဝင်သည်အထိ ရွှေဂုံ တိုင်လမ်းတွင် ပုံနှိပ်တိုက်နှင့် ဝတ္ထုအုပ်တိုက်ပြန်ဖွင့်သည်။ ပုံနှိပ်လုပ်ငန်း အဝဝ၊ စာပေအမျိုးမျိုး ရိုက်နှိပ်ပေးသည်။ ကိုယ်တိုင်ရေးစာပေ များလည်း ထုတ်ဝေသည်။ ‘သဝဏ်လွှာ’ စသော ဝတ္တုများကိုလည်း ဆက်လက်ရေးသား ထုတ်ဝေသည်။ ဒုတိယကမ္ဘာစစ်ခေတ်အတွင်းတွင် နာဇီဝါဒဆိုးဝါးပုံဝတ္တုဖြစ်သော ‘စစ် ရောင်ခြည်’ နှင့် ‘ကမ္ကာ့ရန်သူ’ ကိုထုတ်ဝေရာ အုပ်ရေ တစ်သိန်းခန့် ရောင်းချခဲ့သည်။

ပထမဆုံးထွက်သော ဝတ္ထုရှည်မှာ ဂုဏ်မြင့်သူ ဖြစ်သည်။ ဓာတ်ပြားသီချင်းပင် ထိုအမည်နှင့် အလွန်ခေတ်စားခဲ့၏။ ထိုဝတ္ထုမှာ သုံးကြိမ်တိုင်တိုင် ပြန်လည်ရိုက် နှိပ်ခဲ့ရသည်။

ဒေါ်ခင်ခင်လေးသည် ယုဝတီဂျာနယ်ကို ၁၉၄၅ ခုနှစ်၊ အောက်တိုဘာလ တွင် စတင်ထုတ်ဝေခဲ့သည်။ အမျိုးသမီးကလောင်အဖွဲ့ကိုလည်း ၁၉၄၇ ခုနှစ်၌ ဖွဲ့စည်းခဲ့သည်။

၁၉၂၉ ခုနှစ်တွင် ဟိုက်စကူးကျောင်းသားတစ်ဦးနှင့် လက်ထပ်ခဲ့ပြီး အိမ်ထောင်သက် ၁ နှစ်ကျော်ကြာသောအခါ နှစ်ဦးသဘောတူ ကွာရှင်းပြတ်စဲခဲ့သည်။ ၁၉၄ဝ ပြည့် နှစ်တွင် နဂါးနီစာအုပ်အသင်း မန်နေဂျာ ဦးအုန်းခင်နှင့် လက်ထပ်ခဲ့သည်။

အသက်လေးဆယ်ကျော်ခန့်တွင် ခင်ပွန်းသည်နှင့်အတူ ၁၉၅၂ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၅၄ ခုနှစ်တွင်တစ်ကြိမ် ကမ္ဘာသို့ ၂ ကြိမ် လှည့်လည်လေ့လာခဲ့သည်။ ထိုင်း၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ ဗာလီကျွန်း စသည်တို့ကို တစ်ဦးတည်း သွားရောက်လှည့်လည်ခဲ့ပြီးနောက် မျက်မြင်ကိုယ်တွေ့ ကမ္ဘာလှည့် ဆောင်းပါးပေါင်းချုပ်များကို ရေးသားခဲ့သည်။ ပြည်တွင်း ဆောင်းပါးရှည်၊ အရပ်ရပ်ဆောင်းပါးစု၊ နှစ်ပေါင်း ၆ဝ (အတ္ထုပ္ပတ္တိ)၊ ဝတ္ထုရှည် ၃ဝ ကျော်၊ ဝတ္ထုတို ၅ဝဝ ကျော်နှင့် ရှေးမြန်မာယဉ်ကျေးမှုစာပေဆိုင်ရာ တို့ကိုရေးသားခဲ့သည်။ အသက် ၇ဝ ကျော်တွင် ‘ရတနာပုံနိဒါန်းနှင့် နိဂုံး’ ကို ရေးသားထားခဲ့သည်။

၁၉၄၆ ခု၊ အောက်တိုဘာလ ၁ ရက်နေ့မှစတင်၍ တစ်လလေးကြိမ်ထုတ် အမျိုးသမီးများအတွက်‘ယုဝတီဂျာနယ်’ကို ထုတ်ဝေခဲ့သည်။ အမျိုးသမီး အတိုင်ပင်ခံအယ်ဒီတာများ၊ ဘာသာရပ်ဆိုင်ရာ အယ်ဒီတာများ ထားရှိသည်။ ဒဂုန် ခင်ခင်လေး၏ ယုဝတီဂျာနယ်မှာ ၁၉၄၆ ခုမှ ၁၉၈၁ ခုနှစ်အထိ ယုဝတီနှင့် ယုဝတီ ကလောင်ရှင်ဘွဲ့ရ စာရေးဆရာမ (၅ဝ) ကျော်ကို မွေးထုတ်နိုင်ခဲ့သည်။ ဒဂုန်ခင်ခင်လေးသည် ယုဝတီ ဂျာနယ်တွင် ‘ယုဝတီ လေနီ’ ကလောင်အမည်ဖြင့် ဟိုအရေး ဒီအရေး ဆောင်းပါးများ ရေးသားခဲ့သည်။ ပြည်တွင်းခရီးသွားဆောင်းပါးများကိုလည်း ရေးသားသည်။

၁၉၄၇ ခု၊ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် မြန်မာပြည်အမျိုးသမီးကလောင်အဖွဲ့ကို ဖွဲ့စည်းတည်ထောင်၍ အဖွဲ့ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့သည်။

ဒဂုန်ခင်ခင်လေးနှင့် ဦးအုန်းခင်တို့သည် ၁၉၆ဝ ပြည့်နှစ်၊ ဩဂုတ်လ ၁၄ ရက်နေ့တွင် နှစ်ဦးသဘောတူ ကွာရှင်းခဲ့ကြသည်။

၁၉၆၁ ခု၊ မေလ (၁) ရက်နေ့၌ ယုဝတီသတင်းစာကို ဦးစီး ထုတ်ဝေခဲ့ပြန်သည်။ ယုဝတီသတင်းစာတွင် ဒဂုန်ခင်ခင်လေးသည် ပင်တိုင်ဆောင်းပါးများရေးသည်။ ယင်းသတင်းစာ၌ပင် ‘နှစ်ပေါင်း ၆ဝ’ ကိုယ်ရေး အတ္တုပ္ပတ္တိကို အခန်းဆက်ရေး၍ ‘အာကောင်နီ’ ကလောင်အမည်ဖြင့် ရုပ်ရှင်ဝေဖန်ရေးဆောင်းပါးများကို ပင်တိုင်ရေးသား ခဲ့သည်။ ၁၉၆၄ ခု၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ယုဝတီသတင်းစာကို ပိတ် လိုက်ရသည်။ ထို့နောက် ၁၉၆၉ ခု၊ ဧပြီလ ၁ ရက်နေ့တွင် တစ်လ (၂) ကြိမ်ထုတ် (Bi-Weekly) ‘ယုဝတီဂျာနယ်’ ကို ဆက်လက်ထုတ်ဝေခဲ့သည်။

ဒဂုန်ခင်ခင်လေးသည် ဝတ္တုရှည် ၃ဝ ကျော်၊ ဝတ္တုတို ၇ဝဝ ကျော်၊ ဆောင်းပါးပေါင်း ၁ဝဝဝ ကျော်၊ ရုပ်ရှင်ဇာတ်ညွန်း ၁ဝ ပုဒ် ရေးသားခဲ့သည်။

'နှစ်ပေါင်းခြောက်ဆယ်' ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိနှင့် 'ကမ္ဘာ့လှည့် ဆောင်းပါးပေါင်းချုပ်'၊ 'ကျွန်းဦးတည့်သံလျက်ခုံ' ဟူသော ခရီးသွား ဆောင်းပါး စာအုပ်များ၊ ဝတ္ထုတို ညွန့်ပေါင်း စာအုပ်များလည်း ထုတ်ဝေခဲ့သည်။

ဒဂုန်ခင်ခင်လေးသည် အမှတ် ၁၁၉၊ သိမ်ဖြူလမ်းတွင် မြေးများနှင့်အတူ နေထိုင်ရင်း ၁၉၈၁ ခုနှစ်၊ ဇွန်လ ၂၃ ရက် အင်္ဂါနေ့ ညနေ ၆ နာရီ မိနစ် ၃၀ တွင် ကွယ်လွန်ခဲ့သည်။

ထင်ရှားသော စာအုပ်အချို့

စာဆိုတော် ဝတ္ထုကြီး(၃)တွဲ (၁၉၅၂)

ရွှေစွန်ညို

သားရွှေစွန်ညို

နှစ်ပေါင်းခြောက်ဆယ်(ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ)

ကမ္ဘာလှည့်ဆောင်းပါးပေါင်းချုပ်

ကျွန်းဦးတည့် သန်လျက်ခုံ( ခရီးသွားဆောင်းပါးများ)(၁၉၇၂)၊ (၁၉၇၇)-ခုနှစ်။

မြေပဒေသာ (ဘာသာပြန်)

မြိုင်ယံဘွား

ဂုဏ်မြင့်သူ

ဂုဏ်နိမ့်သူ

ကျွန်းညိုညို

စစ်ရောင်ခြည်

ကမ္ဘာ့ရန်သူ

ဝတ္ထုတိုညွန့်ပေါင်းများ

မှော်ဆရာမှတ်တမ်းများ၊ ဝတ္ထု (၁၅) အုပ်၊( ကိုကိုလေး-အမည်ဖြင့်)

ရတနာပုံ၏ နိဒါန်းနှင့် နိဂုံး(၁၉၇၉)

မြဝတီစာစုနှင့် သီချင်းစု (၁၉၇၅)၊

ဝက်မစွက်မြို့စားမင်းကြီး၏ အတ္ထုပ္ပတ္တိနှင့် စာပေများ (၁၉၇၅)၊

နှစ်ပေါင်း ၆ဝ အတ္ထုပ္ပတ္တိ (၁၉၆၁)၊

ပြည်တွင်းဆောင်းပါးပေါင်းချုပ် (၄) တွဲ (၁၉၅၅)

ကမ္ဘာလှည့်ဆောင်းပါးပေါင်းချုပ် (၄) တွဲ (၁၉၅၄)၊

အမျိုးသမီး အနုပညာရှင်များ (၁၉၄၈)၊