ယုဝတီ ခင်စိန်လှိုင်(၁၉၂၈ - ၂၀ဝ၆)

Listing Description

 

၁၉၂၈ ခုနှစ်၊ဇန်နဝါရီလ (၂၄)ရက်နေ့တွင် အဖ အငြိမ်းစားရဲမင်းကြီး ဦးခင်မောင်လတ်၊ အမိဒေါ်ခင်စောလှတို့မှ မန္တလေးမြို့တွင် ဖွားမြင်ခဲ့သည်။ သီပေါမင်းလက်ထက်တွင် တာဝန်ထမ်းဆောင်ခဲ့သော ရွှေလှံဗိုလ်၏ မြစ်လည်း ဖြစ်သည် ။ အမည်ရင်းမှာဒေါ်ခင်ခင်စိန် ဖြစ်ပြီး မွေးချင်းငါးယောက်တွင် အကြီးဆုံး ဖြစ်သည်။ မန္တလေးမြို့ အေဘီအမ် (ABM) ကျောင်းနှင့် စိန့်ဂျိုးဆက်ကျောင်းတွင် မူလတန်းမှ အထက်တန်းပညာအထိ ဆည်းပူးခဲ့သည်။ ထို့နောက် ရန်ကုန်မြို့ တီတီစီ (ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးကျောင်း) တွင် အထက်တန်းပညာ ဆည်းပူးခဲ့သည်။

၁၉၅၆ ခုနှစ်ခန့်က အမျိုးသမီးကလောင်အဖွဲ့၏ ဒုတိယဥက္ကဋ္ဌတာဝန်ကိုယူခဲ့ပြီး မြန်မာနိုင်ငံ စာပေပြန့်ပွားရေးအသင်း၏ ရာသက်ပန်အမှုဆောင် အဖြစ်လည်း တာဝန်ယူခဲ့သည်။

၁၉၄၇ ခုနှစ်မှစ၍ ယုဝတီဂျာနယ်တွင် ဝတ္ထုတိုများ စတင်ရေးသားခဲ့ပြီး ၁၉၅၆ ခုနှစ်တွင် 'မိန်းမဈေးဖျက်၍ ချစ်ရသူ' လုံးချင်းဝတ္ထုကို စတင်ထုတ်ခဲ့သည်။

ယုဝတီခင်စိန်လှိုင်သည် အထူးသဖြင့် ပြည်နယ်တို့ကို နောက်ခံပြု၍ တိုင်းရင်းသားဇာတ်ဆောင်များကို အခြေခံလျက် အချစ်ဇာတ်လမ်းဖွဲ့ ရေးလေ့ရှိသော စာရေးဆရာမတစ်ဦး ဖြစ်သည်။ ရေးသားခဲ့သော လုံးချင်းဝတ္ထုပေါင်း ၁၅ဝ ခန့်၊ သတင်းဆောင်းပါးပေါင်း ၂၀၀ ခန့်ရှိသည်။

ရေးသားခဲ့သောဝတ္ထုများတွင် လူကြိုက်များသော ဝတ္ထု အများအပြားပါဝင်၍ ရုပ်ရှင်ရိုက်ကူးခြင်းလည်း ခံရသည်။ ထင်ရှားသော ဝတ္ထုများမှာ ' ရတနာဒေဝီ'၊ 'လတ်လတ်'၊'က မ္ဘောဇကိုကို'၊ 'မေတ္တာဒီရေ'၊' အငှားသစ္စာ' နှင့် 'ရွှေလှံဗိုလ်'၊'ဗိုလ်ရွှေမြင်နှင့်သျှင်ရဲထွတ်' (သံမဏိသစ်စာရှင်) တို့ ဖြစ်သည်။ ရွှေလှံဗိုလ်သည် ရွှေလှံဗိုလ်၏အတ္ထုပ္ပတ္တိကို ဝတ္ထုဟန်ရေးဖွဲ့ထားသော စာအုပ်ဖြစ်ပြီး ၁၉၇၅ ခု၊ စက်တင်ဘာလ ၌ ရွှေမင်းဝံစာပေမှထုတ်ဝေခဲ့သည်။

မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်းအဖွဲ့ ဗဟို အမှုဆောင် ကော်မတီဝင် အဖြစ် စာပေ တာဝန်များ ထမ်းဆောင်ခဲ့ပြီး စာပေ၊ ဆောင်းပါးများ သာမက တေးသီချင်းများလည်း ရေးစပ်ခဲ့သည်။

ယုဝတီ ခင်စိန်လှိုင်သည် အောက်တိုဘာ (၂၃)၊၂၀ဝ၆တွင် မရမ်းကုန်းမြို့နယ် (၇)မိုင်၊မလိခလမ်း၊ ၄၃/က နေအိမ် ၌ ကွယ်လွန်ခဲ့သည်။