မြို့မဆရာဟိန် (၁၉၀၅−၁၉၇၉)

Listing Description

မြို့မ ဆရာဟိန်သည် ကျောင်းဆရာ၊ နိုင်ငံရေး လှုပ်ရှားသူနှင့် စာရေးဆရာ ဖြစ်သည်။ မြောင်းမြခရိုင်၊ ပြင်ရွာ၌ ဦးတတ်၊ ဒေါ်ဖုံရိမ် တို့က ၁၉ဝ၅ ခုနှစ်တွင် မွေးသည်။ မွေးချင်း လေးဦးအနက် အငယ်ဆုံး ဖြစ်သည်။ ငယ်မည်မှာ မောင်ဟိန် ဖြစ်သည်။

၁၉၂၅ ခုတွင် အင်္ဂလိပ်-မြန်မာ ဆယ်တန်းစာမေးပွဲကို မြို့မ အမျိုးသား အထက်တန်းကျောင်းမှ အောင်သည်။

၁၉၂၆ ခုတွင် ရန်ကုန်မြို့မြို့မ အထက်တန်းကျောင်းတွင် အလယ်တန်းပြဆရာအဖြစ် အမှုထမ်းသည်။ ၁၉၂၇ ခုတွင် ရှေ့နေစာမေးပွဲ အောင်သဖြင့် ၁၉၂၈-၂၉ ခုများတွင် မြောင်းမြ၌ ရှေ့နေအဖြစ် အသက်မွေးသည်။ ရှေ့နေဘဝထက် ကျောင်းဆရာဘဝကို မြတ်နိုးသူဖြစ်၍ ၁၉၃ဝ ပြည့်တွင် မြို့မ အမျိုးသားကျောင်း၌ပင် အထက်တန်းပြဆရာအဖြစ် ပြန်အမှုထမ်းသည်။ ၁၉၃၆ ခုနှစ်တွင် ဆရာဖြစ် စာမေးပွဲ အောင်မြင်ခဲ့သည်။ မြို့မကျောင်း သာရေးနာရေးကိစ္စများ၊ ရန်ပုံငွေကပွဲများတွင် အားကြိုးမာန်တက် စွမ်းဆောင်ခဲ့သူ ဖြစ်သဖြင့် မြို့မဆရာဟိန်ဟူ၍ ခေါ်ကြသည်။ စစ်ပြီးစ ၁၉၄၆ ခုတွင် မြို့မကျောင်းကို ပြန်ထောင်ရာ ကျောင်းဆရာဘဝကို ခံယူခဲ့သေးသည်။

ဒုတိယကမ္ဘာစစ်အတွင်း မြောင်းမြ၌ ပြန်နေရာ ဂျပန် ဝင်လာသောအချိန်တွင် မြောင်းမြမြို့ ယာယီငြိမ်းချမ်းရေးအဖွဲ့ဝင် ဝါဒဖြန့်ချိရေးမှူးအဖြစ် အကျိုးဆောင်ခဲ့သည်။ မြစ်ဝကျွန်းပေါ် သတင်းစဉ် အမည်ဖြင့် အပတ်စဉ်ထုတ်သတင်းစာကို ကိုယ်တိုင် ကြီးမှူးထုတ်ဝေပြီး၊ ဝါဒဖြန့်လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။ ၁၉၄၂ ခုနှစ်တွင် ဗမာလွတ်လပ်ရေးတပ်မတော် ဌာနချုပ်မှ ခေါ်ယူသဖြင့် ရန်ကုန်မြို့၊ အလံပြဘုရားလမ်းရှိ စစ်ဌာနချုပ်ရုံးတွင် ဝါဒဖြန့်ချိရေးမှူးအဖြစ် ဝင်ရောက်ခဲ့ပြီးနောက် ဗမာ့ခေတ် အစိုးရပညာရေးဌာနတွင် အထူးအရာရှိအဖြစ် လည်းကောင်း၊ မဟာဗမာဌာနချုပ်တွင် ဝါဒဖြန့်ချိရေးမှူးအဖြစ် လည်းကောင်း၊ ၁၉၄၅ ခုနှစ်၊ အင်္ဂလိပ် ပြန်ဝင်လာသည်အထိ ထမ်းဆောင်ခဲ့လေသည်။

ဂျပန်ခေတ် အခမ်းအနားများ၌ အဓိပတိ ဒေါက်တာဘမော် ဝင်မလာမီ ရှေ့တော်ပြေး အဖြစ် "တိတ်စေ" အော်ရသူ ဖြစ်သဖြင့် "တိတ်စေဆရာဟိန်" ဟုလည်း အမည်ရခဲ့သည်။

၁၉၃၆ တက္ကသိုလ် သပိတ်၊ ၁၉၃၈ ကျောင်းသားသပိတ်၊ ရေနံမြေသပိတ် စသော အရေးတော်ပုံများတွင် ပါဝင်ခဲ့သည်။ တက္ကသိုလ်သံမဏိတပ် အကြံပေးအဖွဲ့ဝင်အဖြစ် ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်များအား အကြံပေးခြင်း၊ အကူအညီပေးခြင်းများအပြင် မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ် အသင်းကြီးကို စတင် တည်ထောင်သူများအနက် တစ်ဦးအပါအဝင် ဖြစ်ခဲ့သည်။

နိုင်ငံခြားအဝတ်များ မီးပုံရှို့ခြင်း၊ တိုင်းရင်းဖြစ် အထည်များ ဝတ်ဆင်ရန် လှုံ့ဆော်ခြင်း၊ စီးကရက်အစား ဆေးပေါ့လိပ်များ သောက်ကြရန် မေတ္တာရပ်ခံခြင်း စသော ဝံသာနု လုပ်ငန်းများကိုလည်း လုပ်ဆောင်ခဲ့သည်။

၁၉၅၇ ခုတွင် အမေရိကန် အစိုးရပညာသည် ခေါင်းဆောင်ချင်းဖလှယ်ရေး စီမံကိန်းအရ အမေရိကန်နိုင်ငံ၌ (၃) လကြာ လေ့လာရေးခရီးသွားပြီး အပြန်၌ တရုတ်ပြည်၊ ဂျပန်ပြည်၊ စင်္ကာပူနှင့် ထိုင်းနိုင်ငံများသို့ လှည့်လည်သည်။

၁၉၄၈ ခုနှစ်၊ ဧပြီလ (၇) ရက်မှ စ၍ မြန်မာနိုင်ငံ ဘာသာပြန် စာပေ အသင်းတွင် ဖြန့်ချိရေးမှူး အဖြစ် လည်းကောင်း၊ လုပ်ငန်းမှူးအဖြစ် လည်းကောင်း၊ အရစ်ကျအရောင်းဌာနမှူးအဖြစ် လည်းကောင်း အမှုထမ်းခဲ့သည်။ ထိုအချိန်မှ စ၍ စာ စရေးရာ နယ်ဒေါင်းကလေး၊ မြို့မကျောင်း ပဂေး၊ မြို့မ ရဲခေါင်၊ ကမ္ဘာ့တက်လူ၊ ယထာဘူတ၊ ဟိံသက၊ မြို့မ ဆရာဟိန် စသော ကလောင်များဖြင့် စာစုံ ရေးသည်။

၁၉၇၉ ခုနှစ်၊ မတ်လ (၁၉) ရက်တွင် ရန်ကုန်ဆေးရုံကြီးမှ ကြံတောသုသာန်သို့ ပို့ဆောင် မီးသဂြိုဟ်သည်။ ကွယ်လွန်ချိန်တွင် သားသမီး ဖြစ်ကြသော ဦးခင်မောင်ချို၊ ဒေါ်အေးမြင့်၊ ဦးကျော်ဇေယျ၊ ဒေါ်နန်းညွန့်နွယ်တို့ ကျန်ရစ်ခဲ့သည်။

ရေးသားခဲ့သော စာအုပ်များ

ကျွန်ုပ်နှင့် မိုက်ကယ်ကောလင်း

ကျွန်ုပ်၏ စွန့်စားခြင်း

အထူးသတင်းထောက်

စစ်သူလျှိုများ

အိုင်းရစ် အရေးတော်ပုံ