ဆံတော်ရှင်ကျိုက်ခေါက်စေတီတော်

Listing Description

ကျိုက်ခေါက်စေတီတော်မြတ်သည် ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့တောင်ဘက် သန်လျင်ကျောက်တန်းလမ်းအနီး လှိုင်းပုတ်ကုန်း(ခေါ်)  ဥတ္တရင်္ဂကုန်းပေါ်၌ ကိန်းဝပ်တော်မူလျက်ရှိသည်။ ကျိုက်ခေါက်စေတီမှာ ရှေးဟောင်းသမိုင်းဝင် စေတီတော်တစ်ဆူ ဖြစ်သည့်ပြင် ရှေးမွန်ဗိသုကာ ပညာရပ်ကို သရုပ်ပြ သက်သေခံလျက်ရှိသည်။ ကျိုက်ခေါက်စေတီ၏ ဉာဏ်တော်မှာ ၂၃၃ ပေ၊ ဖိနပ်တော်အဝန်းမှာ ပေ ၉ဝဝ ဖြစ်သည်။ သမိုင်းရာဇဝင်အရ သာသနာသက္ကရာဇ်(၂၄၁)တွင် အရှင်ခေါလကနှင့် သထုံမင်းစူဠသီရိမာသောကမင်း တို့သည် ဂေါတမမြတ်စွာဘုရား၏ ဆံတော်ခြောက်ဆူနှင့်တကွ သီဟိုဠ်(သီရိလင်္ကာ)မှရရှိသော နဖူးသင်းကျစ်ရိုးနှင့်ဓာတ်တော်များကို ဌာပနာကာ တိုက်စေတီ ပုံတည်ထားခဲ့သည်။ အရှင်ခေါလကကို အကြောင်းပြု၍ ခေါလကစေတီ ဟုသမုတ်ခဲ့ပြီး ကာလရွေ့လျောလာသည်နှင့်အမျှ ခေါက်စေတီ၊ ကျော်ခိုက်စေတီ၊ ကျိုက်ခေါက်စေတီ ဟု အမည်တွင်ခဲ့သည်။ သက္ကရာဇ်(၇၁၁)တွင် ဟံသာဝတီမင်း ဗညားဦးသည် မူလတိုက်စေတီကို သင်းတိုက်စေတီပုံစံ ပြောင်းလဲတည်ထားခဲ့သည်။ ဉာဏ်တော် ၂၇ တောင် ဖြစ်သည်။ သက္ကရာဇ်(၇၇၈)တွင် ရာဇာဓိရာဇ်မင်းသည် ဉာဏ်တော်အတောင်သုံးဆယ်ထိ ပြုပြင်တည်ဆောက်သည်။ ပေါ်တူဂီ လူမျိုး ငဇင်္ကာခေါ် ဖိလစ်ဒီဗရစ်တို လက်ထက် သက္ကရာဇ် ၉၆၅ ခုနှစ်မှ ၉၇၅ ခုနှစ်ခန့်အတွင်း ကျိုက်ခေါက်စေတီတော်ကို ပြုပြင်မွမ်းမံသည့်သူ မရှိသဖြင့် တောကြီးအတိ ဖြစ်ခဲ့သည်။ သက္ကရာဇ် ၁၁၃၃ ခုနှစ်တွင် မိုးနဲရောက် ဂန္ဓသာရ အရှင်သူမြတ် ကြီးမှူး၍ မြို့သူမြို့သား တို့က ထပ်လောင်းမွမ်းမံကာ တံတိုင်း ကာရံ ဆောက်လုပ်ခဲ့ကြသည်။ ဆင်ဖြူရှင်မင်းတရားကြီးသည် သက္ကရာဇ် ၁၁၃၆ ခုနှစ် ရွှေတိဂုံစေတီတော်တွင် ထီးတော်အသစ် တင်တော်မူပြီးနောက်၊ ၁၁၃၇ ခုနှစ်၌ ကျိုက်ခေါက်စေတီတော်ကိုလည်း ထီးတော် တင်တော်မူခဲ့သည်။ ၁၁၄၃ ခုနှစ်က စေတီတော်ပြိုပြန်ရာ ဘိုးတော်ဘုရားက ပြင်ဆင်မွမ်းမံခဲ့လေသည်။ ကျိုက်ခေါက်စေတီတော်မြတ်သည် ခေတ်သမိုင်းအဆက်ဆက် စိုးစံခဲ့သောမင်းများနှင့် ပြည်သူတို့ ဆည်းကပ်ကိုးကွယ်ခဲ့ကြသော ထင်ရှားသော တန်ခိုးကြီး ဘုရားတစ်ဆူဖြစ်သည်။ စေတီတော်မြတ်ကြီး၏ မြောက်ဖက် စောင်းတန်းအနီးတွင် တောင်ငူနန်းကျဘုရင် နတ်သျှင်နောင်၏ဂူဗိမာန် တစ်ခု ရှိပါသည်။ ကျိုက်ခေါက် ဘုရားပွဲတော်ကို နှစ်စဉ်နှစ်တိုင်း တပို့တွဲလပြည့်နေ့တွင် အထူးစည်ကားစွာ ကျင်းပလေ့ရှိသည်။