တေဇရာမစေတီ

Listing Description

မြောက်ဦးမြို့ မုတ်ဆိတ်တော်ဓာတ်စေတီ၏ အနောက်တောင်ဘက်မြေပြန့်၌ တည်ရှိသည်။ မြောက်ဦးမင်းဆင်၏ သတ္တမမြောက်ဘုရင် စလင်္ကာသူမင်းက ကောဇာသက္ကရာဇ် ၈၆၃ ခုနှစ် (အေဒီ ၁၅၀၁)တွင် သာသနာပိုင်ဆရာတော်ကြီး ဦးတေဇရာမကျောင်းတိုက်အနီးတွင် မြတ်စွာဘုရား၏ ဓာတ်တော်များနှင့် ရဟန္တာဓာတ်တော်များကို ဌာပနာ၍ ဤတေဇရာမစေတီတော်ကို တည်ထားကိုးကွယ်ခဲ့သည်။ နရပတိကြီးမင်းသည်လည်းကောင်း၊  ဝရဓမ္မရာဇာသည်လည်းကောင်း ဤစေတီတော်ကို ပြုပြင်မွမ်းမံခဲ့သည်။ စေတီတော်မှာ ထုချွန်ပုံဖြစ်ပြီး ခိုနန်းချိုးသုံးဆင့်ပါရှိသည်။ စေတီတော်၏ အောက်ခြေပတ်လည်မှာ ၈၀ ပေရှိပြီး ဉာဏ်တော်အမြင့် ၆၀ ပေခန့်ရှိသည်။ စေတီတော်၏ လိုဏ်ဂူအတွင်းတွင် ကျောက်ဆင်းတုတော် တစ်ဆူကိန်းဝပ်လျက်ရှိသည်။ ဒုတိယနှင့် တတိယပစ္စယံတွင် ဘုရားဆင်းတုတော်ငယ်များ ကိန်းဝပ်နေသော မုခ်လေးခုစီပါရှိကာ ထိုမုခ်ငယ်များ၏ တစ်ဖက်တစ်ချက်တွင် မဟာဗောဓိပုံအရံစေတီငယ်များရှိသည်။ စေတီ၏အရှေ့အနီးတွင် ပိဋကတ်တိုက်ဟု ယူဆရသော သီးခြားလိုဏ်ဂူငယ်တစ်ခုရှိပြီး ထိုလိုဏ်ဂူထဲတွင် ကျောက်ဆင်းတုတော်တစ်ဆူ ကိန်းဝပ်လျက်ရှိသည်။ စေတီတော်၏ တောင်ဘက်တွင်ရှိသော ကျောက်ဂူ နှစ်ခုအတွင်း၌ ဤဘုရားအတွက် လယ်ယာမြေများ လှူဒါန်းကြောင်း အလှူပြန်တမ်းကျောက်စာ ၄ ချပ်ရှိသည်။ တေဇရာမကျောင်းတိုက်အနီးတွင် သာသနာပိုင်ဆရာတော်ကြီး ဦးတေဇရာမပုံ ကျောက်ရုပ်တု တည်ရှိသည်။