ကျန်စစ်သားဥမင်

Listing Description

ကျန်စစ်သားဥမင်သည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့ရှိ ရွှေစည်းခုံစေတီတော် တောင်ဘက်စောင်းတန်းထိပ်၏အနောက်ဘက်တွင် တည်ရှိပါသည်။ ကျန်စစ်သားဥမင်ကို ၁၁ ရာစုတွင် ဖောက်လုပ်ခဲ့သည်ဟုယူဆကြပြီး ကျန်စစ်သားဥမင်ဟု အမည်တွင်နေသော်လည်း အနော်ရထာမင်းလက်ထက်ကပင် ရှိခဲ့ကြောင်း မှတ်ယူခဲ့ကြပါသည်။ ကျန်စစ်သားဥမင်၏ ထူးခြားချက်မှာ ဥမင်ဖောက်လုပ်ရာတွင် အခြားဥမင်များနှင့်မတူဘဲ မြေပေါ်တစ်ဝက်၊ မြေအောက်တစ်ဝက် အုတ်များစီကာ တည်ဆောက်ထားခြင်းဖြစ်သည်။ ဥမင်၏ အတွင်းပိုင်းသည် ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းနှင့် တူနေသဖြင့် အချို့က ဥမင်ကျောင်း (Cave Monastery) ဟုခေါ်ဆိုကြပါသည်။ ဥမင်၏ မျက်နှာဝဖြစ်သည့် မြောက်ဘက်ဥပစာတွင် ဓမ္မသာလာဆောင်တစ်ခု မူလက ရှိခဲ့ပါသည်။ တောင်ဘက်တွင် ဓမ္မသာလာဆောင်နေရာ အောက်ခုံကျောက်တုံးပတ်လည် ကြွင်းကျန်လျက်ရှိပါသည်။ မြောက်ဘက်တွင် တံတိုင်းပတ်လည်နှင့် တံတိုင်းမုခ်ရှိသည်။ ဥမင်အတွင်းနံရံ၌ ရှေးဟောင်းနံရံဆေးရေးပန်းချီများ ခြယ်မှုန်းထားရှိပါသည်။ ပြဿဒ်ပုံများ၊ မြင်းမိုရ်တောင်ပုံများ၊ မွန်ဂိုစစ်သည်ပုံများနှင့် စစ်သူကြီးပုံ၊ တူရိယာများနှင့် စီတန်းပြီး ဘုရားကျောင်းသို့သွားဟန် နံရံဆေးရေးပန်းချီပုံများ ရှိပါသည်။ ဥမင်အလယ်တွင် အခန်းတစ်ခန်းရှိပြီး ဘေးပတ်လည်တွင် စင်္ကြံပတ်လမ်းနှင့် တရားအားထုတ်ရန် အခန်းငယ်များရှိပါသည်။ ကျန်စစ်သားဥမင်မှာ သမီးဝှက်နှင့် မြားသဥမင်တို့ကဲ့သို့ သဲကျောက်တောင်ကိုထွင်းဖောက်ထားခြင်းမျိုး မဟုတ်ဘဲ အုတ်များဖြင့် ဥမင်ပုံပြုလုပ်တည်ဆောက်ထားကြောင်း တွေ့ရပါသည်။