ဂုတ်ထိပ်တံတား

Listing Description

ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့အနီးရှိ ဂုတ်ထိပ်တံတား (Goteik Viaduct)  သည်  ရှေးအကျဆုံး သက်တမ်း ၁၁၅ နှစ်ရှိသော တောင်ကြားဖြတ် မီးရထားလမ်း တံတားဖြစ်ပါသည်။ မန္တလေး-လားရှိုး သွားလမ်း နောင်ချိုဘူတာအလွန် ခုနစ်မိုင်အကွာတွင်  တည်ရှိပြီး ပြင်ဦးလွင်နှင့် လားရှိုးမြို့နှစ်မြို့ကြား တံတားဖြစ်ပါသည်။ The World Largest Trestle  မြင်းခုံးတံတားဖြစ်ပြီး Trestle  စတီး သံမဏိသံချောင်းများဖြင့် ထောက်ခံတည်ဆောက်ထားသော တံတားဖြစ်ပါသည်။ အင်္ဂလိပ်အင်ဂျင်နီယာ ဆာအာသာရန်ဒယ်က  စတာလင်ပေါင်  ၁၁ဝဝဝဝ အကုန်အကျခံ၍ သံမဏိတိုင် ၁၆ တိုင်၊ ပေအရှည် ၂၂၆ဝ ကို ၁၈၉၉ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ရာ ၁၉ဝဝ ပြည့်နှစ်တွင်  အပြီးသတ်နိုင်ခဲ့ပြီး   ၁၉ဝ၃ ခုနှစ်မှ စတင်အသုံးပြုနိုင်ခဲ့ပါသည်။ တံတားကြီးကို ထောက်ပင့်ထားသော သံတိုင်များအနက် အမြင့်ဆုံးတိုင်သည် ပေ ၈၂ဝ မြင့်၍ အနိမ့်ဆုံးသံတိုင်မှာ ၄၅ ပေ မြင့်ပါသည်။ မြစ်၊ ချောင်းများကိုဖြတ်ကျော် တည်ဆောက်ထားခြင်းမဟုတ်ဘဲ လျှိုကြီးနှစ်ခုကို ဖြတ်သန်းတည်ဆောက်ထားခြင်းသာဖြစ်ပါသည်။ ဒုတိယကမ္ဘာစစ်အတွင်း မဟာမိတ်တို့၏ မြေလှန်စနစ်ကြောင့် ဖျက်ဆီးခြင်းခံခဲ့ရပြီး တိုင်အမှတ် (၂)နှင့် (၅)တို့ ပျက်စီးသွားခဲ့ပါသည်။ ဖက်ဆစ်ဂျပန်တို့ ပြန်လည်ဆုတ်ခွာချိန်တွင် ဂုတ်ထိပ်တံတား၏ အမြင့်ဆုံးတိုင်များဖြစ်သော တံတားအလယ်တိုင်လေးတိုင် ကို ဗုံးခွဲဖျက်ဆီးခဲ့ပါသည်။ တိုင်အမှတ် (၁၁) မှာ အောက်ခြေပြတ်ခဲ့ပြီး တိုင်အမှတ် (၁ဝ) နှင့် (၁၂)တို့မှာ ပြိုလဲပျက်စီးခဲ့ရပါသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ပျက်စီးနေသော ဂုတ်ထိပ်တံတားကြီးကို မြန်မာ့မီးရထားဌာနက ၁၉၄၈ ခုနှစ် မေလမှစတင်၍ပြင်ဆင်ခဲ့ရာ ၁၉၅၃ ခုနှစ် ဩဂုတ်လတွင် ပြန်လည်ပြင်ဆင်မှုလုပ်ငန်းများ ပြီးစီးခဲ့ပါသည်။ တံတားတစ်ခုလုံး သံ၊ သံမဏိ ၄၃၁၁တန်၊ သံမှိုပေါင်း တစ်သန်း၊ ပေါင်ချိန် တန် ၁၁၃၂ဝဝ အသုံးပြုထားပါသည်။  တံတားတိုင်ပေါင်း ၁၆ တိုင်ဖြစ်ရာ  တံတားကြီး၏ အလယ်တိုင်များအနက် တံတားတိုင်အမှတ် (၈)နှင့် (၉)တို့က အမြင့်ဆုံး ဖြစ်ပါသည်။ တံတားတည်ဆောက်မှုနည်းပညာအဆင့်မြင့်မှု၊ သဘာဝပတ်ဝန်းကျင် လှပမှုတို့ကြောင့် ခေတ်အဆက်ဆက် ထင်ရှားကျော်ကြားသောတံတားဖြစ်ပြီး  ကမ္ဘာ့အံ့ဖွယ်စာရင်းတွင် ပါဝင်ပါသည်။ မြန်မာပြည်အတွက် အမြင့်ဆုံးတံတား၊  ကမ္ဘာ့အကြီးဆုံး  မီးရထားသံလမ်းတံတားဖြစ်ပြီး ခေတ်အဆက်ဆက်က ပျက်စီးယိုယွင်းမှုများကို ထိန်းသိမ်းလာခြင်းကြောင့် ယနေ့တိုင် တည်ရှိပြီး  ကမ္ဘာလှည့်ခရီးသည်များ  စိတ်ဝင်စားသောနေရာတစ်ခုအဖြစ် တည်ရှိလျှက်ရှိပါသည်။