ကျိုက်ကေလာသစေတီတော်

Listing Description

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့တွင် တည်ရှိပါသည်။ စေတီတော်သမိုင်းအရ မုနိပါလရသေ့က ကောဇာသက္ကရာဇ် ၁၀၃ ခုနှစ်၊ တပေါင်းလပြည့်နေ့တွင် မြတ်စွာဘုရားရှင်၏ ဆံတော်ရှစ်ဆူကို ဌာပနာ၍ တည်ထားကိုးကွယ်ခဲ့သည်ဟုဆိုပါသည်။ စတင်တည်ထားစဉ်က ဥာဏ်တော် ၇ တောင်၊ ထီးတော်၀ ၆ လက်မခန့်သာရှိပြီး ခေတ်အဆက်ဆက် စေတီတော်ကို တိုးချဲ့ပြုပြင်မွမ်းမံခဲ့တည်ထားခဲ့ကြရာ ယခုအခါ အတောင်ရှစ်ဆယ်ပြည့် စေတီတော်အဖြစ် ဖူးမြင်ရပါသည်။ ဂေါတမမြတ်စွာဘုရားရှင်၏ သက်တော် ၈၀ ကို အစွဲပြုကာ အတောင်ရှစ်ဆယ်ပြည့် တည်ထားခြင်းဖြစ်သည်ဟု သိရပါသည်။ စေတီတော်မြတ်ကြီးကို အပေါ်ရံစေတီ ၂၈ ဆူ အောက်စေတီရံ အဆူ ၅၀ ဝန်းရံထားပါသည်။ စေတီတော်ရင်ပြင်တွင် မြန်မာစာနှင့် မွန်စာပါရှိသော ရှေးဟောင်းခေါင်းလောင်းကြီးကို တွေ့မြင်နိုင်ပြီး စေတီတော် တန်ဆောင်းအတွင်း၌ ကျောက်ဖြူသားဖြင့် ထုလုပ်ထားသော ဆင်းတုတော်ကို ကြည်ညိုဖွယ်ရာ ဖူးမြော်မြင်တွေ့ရပါသည်။ စေတီတော်၏ ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ် တပေါင်းလဆန်း ၁၂ ရက်နေ့မှ တပေါင်းလပြည့်နေထိ စည်ကားစွာကျင်းပပါသည်။