ဇိနမာရ်အောင်စေတီ

Listing Description

မြောက်ဦးမြို့ နန်းတော်ကုန်းတောင်ဘက် မိုင်ဝက်ခန့်အကွာ ပန်းတိမ်တောင်ပေါ်တွင် တည်ရှိသည်။ သက္ကရာဇ် (၁၀၁၄) နှစ် စန္ဒာသုဓမ္မရာဇာဘုရင်က စေတီတစ်ဆူ တည်ထားခဲ့ရာ အဆိုပါစေတီမှာ သေးငယ်နေ၍ သူငယ်တို့က "စံသုဘုရင်၊ အရှင်ကောင်းမှု၊ ပန်းတိမ်တောင် ဘုရားပြု၊ သာဓုမခေါ်လောက်"ဟူ၍ အော်ဟစ်ကြသည်။ ဤအကြောင်းကို ဘုရင်ကြားသိ၍ မှူးမတ်ပညာရှိတို့နှင့် တိုင်ပင်ကြရာ မှူးမတ်တို့၏ အကြုံပြုချက်အရ သက္ကရာဇ် ၁၀၂၀ ခုနှစ် (ခရစ်နှစ် ၁၆၅၈) တွင် ကျောက်စေတီတစ်ဆူ ထပ်မံတည်စေသည်။ ဘုရားတည်ခြင်းကို အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် စေတီတော်ကို ဇိနမာရ်အောင်စေတီဟု ခေါ်တွင်စေခဲ့သည်။ စေတီတော်ကို ကျောက်တုံးကြီးများအား ထုဆစ်၍ ထောင့်ချိုးများဖြင့် ရှစ်မြှောင့် အဋ္ဌဂံပုံဖြစ်အောင် စနစ်တကျ တည်ဆောက်ထားသည်။ အောက်ခြေမှအပေါ်ထိ ရှစ်မြှောင့်ပေါ်အောင် တဖြည်းဖြည်း တက်သွားသည်။ စေတီတော်သည် အောက်ခြေအဝန်း ၃၂၀ ပေရှိပြီး ဉာဏ်တော် ၁၂၀ မြင့်သည်။ အရှေ့ဘက်တွင် ဂန္ဓကုဋီတိုက်သို့ ဝင်ရန် မုခ်လမ်းတစ်ခုရှိသည်။ ဝင်လမ်းဂူ အထက်တွင် မုခ်ငါးဆင့် ရှိပြီး ပစ္စယံ၏ ဒုတိယအဆင့်ထောင့်များ၌ ပူးကောင်ရုပ်ထုများ ထုလုပ်ထားသည်။ စေတီတော်၏ ရှစ်မြှောင့် ထောင့်ချိုးများတွင် လူဦးခေါင်းနှင့် ခြင်္သေ့ကိုယ် နှစ်ခုပါသော မနုဿီဟရုပ်တုများ ပြုလုပ်ထားရှိသည်။ ရှေးအခါက ဂန္ဓကုဋီတိုက်ထဲတွင် ကြေးဆင်းတု တစ်ဆူရှိခဲ့ပြီး ပထမအင်္ဂလိပ် မြန်မာစစ်ပွဲအပြီး ဗြိတိသျှတို့ သိမ်းယူသွားသဖြင့် ယခုအခါ အုတ်ဖြင့်ပြုလုပ်ထားသော ဆင်းတုတော်တစ်ဆူကို ပူဇော်ထားရှိပါသည်။