ပေါင်မြို့နယ်ရှိ စမ္ပာနဂိုရ်မြို့ဟောင်း

Listing Description

မြန်မာနိုင်ငံအတွင်း၌ စမ္ပာနဂိုရ်အမည်ဖြင့် မြို့ဟောင်းနှစ်ခုရှိရာ စမ္ပာနဂိုရ် နှစ်ခုအနက် လူသိများသည့် စမ္ပာနဂိုရ်သည် ကချင်ပြည်နယ်၊ဗန်းမော်မြို့နယ်ရှိ ယခင်က စပ္မ္ပာကျေးရွာနှင့် နောင်ခိုကျေးရွာကိုပေါင်း စည်းခေါ်ဆိုသည့် နေရာဖြစ်၍ ယခုအခါတွင် ဗန်းမော်မြို့အတွင်း ဧရာ၀တီမြစ်နှင့် တာပိန်မြစ်တို့ဆုံ သည့် နေရာတွင် တည်ရှိနေသည်။ လူသိနည်းသေးသည့် အခြားစမ္ပာနဂိုရ်မြို့ဟောင်းသည် မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင်တည်ရှိကာ မုတ္တမစစ်တမ်း(၁၁၄၅-၁၁၄၆) အရ မုတ္တမ ၃၂ မြို့စာရင်းဝင် ရှေးမြို့ဟောင်းတစ်ခုဖြစ်၍ မြို့ရိုးနှင့် ကျုံးဟောင်းရာများကို ယနေ့တိုင်မြင်တွေ့ရပါသည်။

ပေါင်မြို့နယ်ရှိ မြို့ဟောင်းပုံသဏ္ဌာန်သည် ထောင့်မှန်စတုဂံပုံ ဖြစ်ပြီး အနောက်ဘက်၊ တောင်ဘက်နှင့် မြောက်ဘက်တွင် ကြီးမားသည့် မြေမြို့ရိုးကြီးများရှိခဲ့ကာ အရှေ့ဘက်သည် သံလွင်မြစ်ကမ်းနေရာဖြစ်သဖြင့် မြို့ရိုးမရှိခဲ့ချေ။ တောင်နှင့် မြောက် မြို့ရိုးများသည် သံလွင်မြစ်တွင် အဆုံးသတ်နေကြ၍ မြို့ရိုး၏ ထောင့်နှစ်ဘက်ဖြစ်သည့် အနောက်မြောက် ထောင့်နှင့် အရှေ့တောင်ထောင့်သည် ကွေးဝိုင်းနေသည်။ မြို့ရိုးသုံးထပ်ရှိပြီး ယင်းမြို့ရိုးသုံးထပ်အနက် အတွင်းဘက်အကျဆုံး မြို့ရိုးသည်သာ ထင်ရှားစွာကျန်ရှိနေသေး၍ အပြင်မြို့ရိုးနေရာအများစုသည် မြေပြင်နှင့် တစ်သားတည်းဖြစ်နေကြပြီး မြို့ရိုးသုံးထပ်အကြားတွင် ကျုံးဟောင်းရာများကို မြင်တွေ့ရသည်။ အတွင်းဆုံးမြို့ရိုးသုံးဘက်ပေါင်း အလျားသည် ၃ ကီလိုမီတာနီးပါးရှိ၍ အနောက်ဘက် မြို့ရိုးဟောင်းတစ်ခုတည်းကပင် ၂ ကီလိုမီတာ နီးပါး ရှည်လျားသည်။ မြို့ဟောင်းအတွင်း၌ ရှေးအခါကတည်းက တည်ထားခဲ့သည်ဟုဆိုသည့် ဓာတ်တော် နန်းဦးစေတီကို ယခုအခါ ပြုပြင်မွမ်းမံတည်ဆောက်ထားသဖြင့် စေတီအသစ်တစ်ဆူအဖြစ် ဖူးမြော်မြင်တွေ့ရပြီး စေတီအနီးတွင် အလျား ၃၃ ပေ ၉ လက်မ၊ အနံ ၂၄ ပေ နှင့် မြေပြင်မှ အမြင့် ၃ ပေ ၄ လက်မရှိသည့် ရှေးဟောင်း အုတ်ရေကန်ဟောင်းတစ်ခုကို လေ့လာတွေ့မြင်နိုင်ပါသည်။ ထိုအုတ်ရေကန်ရှိ အုတ်များ၏ အရွယ်အစားသည် အလျား တစ်ပေ၊ အနံ ၆ လက်မနှင့် အထူ ၃ လက်မရှိသည်။