ဦးစိန်လွင် (၁၉၂၄ - ၂၀၀၄)

Listing Description

၁၉၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက် တနင်္ဂနွေနေ့တွင် မွန်ပြည်နယ် ပေါင်မြို့နယ် ကော့ကရင်ရွာ၌ အဖ ဦးရွှေရင်၊ အမိ ဒေါ်မမကြီး(ဒေါ်မာကြီး)တို့မှ မွေးဖွားခဲ့သည်။

၁၉၄၂ ခုနှစ်တွင် ဗမာ့လွတ်လပ်ရေးတပ်မတော်၊ သထုံခရိုင် ( ယခင်ဗိုလ်မှူးဉာဏ ) တပ်သို့ ဝင်ရောက် အမှုထမ်းခဲ့သည်။ ဂျပန်ခေတ် မင်္ဂလာဒုံ စစ်တက္ကသိုလ် ဗိုလ်သင်တန်း တတိယပတ်သို့ တက်ရောက်ခဲ့သည်။

၁၉၄၆ ခုနှစ်တွင် ပြည်မြို့ရှိ သေနတ်ကိုင် တပ်ရင်း(၄) ၌ တပ်သားအဆင့်ဖြင့် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၄၈ ခုနှစ်တွင် ပြန်တမ်းဝန်အရာရှိဖြစ်ခဲ့သည်။ တနင်္သာရီတိုင်းမင်းကြီး၏ အပါးတော်မြဲ တာဝန်ထမ်းဆောင်ရန် ပြည်ထဲရေးဌာနသို့ တွဲဖက်ထားခြင်းခံခဲ့ရသည်။ ထို့နောက် အတွင်းဝန်အဖြစ် လည်းကောင်း၊ ဆောင်ရွက်၍ ဒီမိုကရေစီ ဒေသန္တာရ အုပ်ချုပ်ရေးဌာန၊ လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင် ဌာန၊ တရားဌာန တို့ကို တွဲဖက်တာဝန်ယူ ဆောင်ရွက်ခဲ့သည်။

၁၉၄၉-ခုနှစ်တွင် ပြည်ထဲရေးသို့တွဲဖက်ရာမှ ထားဝယ်စစ်ဝန်ထမ်း တပ်ရင်းမှူး၊

၁၉၅ဝ-ပြည့်နှစ်တွင် အမှတ် (၃) ခြေလျင်တပ်ရင်း၌ တပ်ခွဲမှူး၊

၁၉၅၁-၅၂ ခုနှစ်တွင် အမှတ် (၁) လေ့ကျင့်ရေးတပ်၌ တပ်ခွဲမှူး၊

၁၉၅၂-၅၃ ခုနှစ်တွင် တပ်ထိန်းတပ်ခွဲ(၂)၌ တပ်ခွဲတပ်မှူး၊

၁၉၅၃-၅၄ ခုနှစ်တွင် ချင်းသေနတ်ကိုင်တပ်ရင်း၌ ဒုတိယတပ်ရင်းမှူးနှင့် အမှတ် (၁) လေ့ကျင်ရေးတပ် ဒုတိယတပ်ရင်းမှူး၊

၁၉၅၇-ခုနှစ်တွင် အမှတ် (၄) သေနတ်ကိုင်တပ်ရင်း၌ တပ်ရင်းမှူး စသည်ဖြင့် အသီးသီး တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၅၆-၆၉ ခုနှစ်တွင် အနောက်တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး

၁၉၆၉-၇ဝ ပြည့်နှစ်တွင် အရှေ့ပိုင်းတိုင်း ဗျူဟာမှူးအဖြစ် လည်းကောင်း၊

၁၉၇ဝ-၇၂ ခုနှစ်တွင် တိုင်းကြီးကြပ်ရေး ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊

၁၉၇၂-၇၄ ခုနှစ်တွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ်လည်းကောင်း အဆင့်ဆင့် တာဝန်ထမ်းဆောင်ခဲ့သည်။

ထိုမှတစ်ဆင့် သမဝါယမ ဝန်ကြီးဌာန ဝန်ကြီး အဖြစ် လည်းကောင်း၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဌာန ဝန်ကြီး အဖြစ် လည်းကောင်း၊ ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန အဖြစ် လည်းကောင်း အသီးသီး ဆောင်ရွက်ခဲ့သည်။ ထို့နောက် နိုင်ငံတော် ကောင်စီဝင် အဖြစ် လည်းကောင်း၊ နိုင်ငံတော် ကောင်စီ အတွင်းရေးမှူး အဖြစ်လည်းကောင်း၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ တွဲဖက် အထွေထွေ အတွင်းရေးမှူး အဖြစ် လည်းကောင်း ထမ်းရွက်ခဲ့သည်။ တစ်ဆက်တည်းမှာ ၁၉၈၈ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့၌ ကျင်းပသော စတုတ္ထအကြိမ် ပြည်သူ့လွှတ်တော် အရေးပေါ် အစည်းအဝေး၌ နိုင်ငံတော်ကောင်စီ ဥက္ကဋ္ဌအဖြစ် ရွေးကောက် တင်မြှောက်ခဲ့သည်။ အခြေခံဥပဒေ ပုဒ်မ ၆၆၊ ပုဒ်မခွဲ (က) အရ နိုင်ငံတော် ကောင်စီဥက္ကဋ္ဌ သည် နိုင်ငံတော်သမ္မတအဖြစ် စတင်ထမ်းရွက်ခဲ့ရသည်။

ထို့နောက် နိုင်ငံတော်တွင် ရှစ်လေးလုံး အရေးအခင်း ဖြစ်ပွားလာခဲ့ပြီးနောက် ၁၉၈၈ ခု၊ ဩဂုတ်လ ၁၂ ရက်နေ့တွင် ဦးစိန်လွင်သည် နိုင်ငံတော်ကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် သမ္မတ အဖြစ်မှ လည်းကောင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ်မှ လည်းကောင်း နုတ်ထွက်ခဲ့ရသည်။ တစ်ဆက်တည်းမှာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက်ခဲ့ရသည်။

ဦးစိန်လွင်သည် ဒေါ်ရွှေတင်(ခ) ဒေါ်တင်တင်လှိုင်နှင့် ထိမ်းမြားလက်ထပ်၍ သားသမီး ၅ ဦး ထွန်းကားခဲ့သည်။

၂ဝဝ၄ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့ အသက် ၈၁ နှစ်အရွယ်တွင် အစာအိမ်ရောဂါဖြင့် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့သည်။