ဆံတော်ရှင်ဗန္ဓိသေလာစေတီတော် (နွားလပို့စေတီတော်)

Listing Description

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကျုံကကျေးရွာအနီး နွားလပို့တောင်ပေါ်တွင် တည်ရှိသည်။ နွားလပို့တောင်ဟု အမည်တွင်ရခြင်းမှာ ကျုံကကျေးရွာမှ မြောက်ဘက်သို့ မျှော်ကြည့်လျှင် တောင်တန်းကြီးအလယ်၌ ဤတောင်ကို နွားလားဥဿဘကြီး၏ လပို့နှင့်အလားသဏ္ဌာန်တူစွာ မြင်တွေ့ရခြင်းကြောင့် နွားလပို့တောင်ဟု အမည်တွင်ခြင်းဖြစ်ပါသည်။ နွားလပို့တောင်သည် အမြင့်ပေ ၁၈၈၈ ရှိပြီး ဇင်းကျိုက်တောင်၊ ကုလားမတောင်တန်းတို့နှင့် ဆက်စပ်နေပါသည်။ စေတီတော်၏ မူလဘွဲ့တော်မှာ ဗန္ဓိသေလာ (ကျောက်များဆက်စပ်နေသောဘုရား) ၊ ကရင်ဘာသာအရ လုံးထိုမို (ကျောက်တို့ဘုရား)၊ မွန်ဘာသာအရ ကျိုက်ဗောာ့ဂလ် ဖြစ်ပါသည်။ စေတီတော်သမိုင်းအရ မဟာသက္ကရာဇ် ၁၁၃ ခုတွင် တိဿရသေ့ကြီးသည် မြတ်စွာဘုရားရှင်ချီးမြှင့်သည့် ဆံတော်တစ်ဆူကို ပင့်ဆောင်လာပြီး စေတီတည်ထားကိုးကွယ်ရန် ရည်သန်၍ ရသေ့ဦးခေါင်းတော်သဏ္ဌာန် ကျောက်တုံးကိုရှာဖွေရာ ဤနွားလပို့တောင်ပေါ်ရှိ လုံးဆင့်တည်နေသည့် ကျောက်တုံးများကို တွေ့ရှိပြီး အလယ်ကျောက်တုံးကို ထွင်းဖောက်ဌာပနာလျက် ဤစေတီတော်ကြီးကို တည်ထားခဲ့သည်ဟုဆိုသည်။ နောင်အခါတွင် ပိုမိုအံ့သြဖွယ်ကောင်းသော ကျောက်တုံးကို ထပ်မံတွေ့ရှိသဖြင့် ကျိုက်ထီးရိုးစေတီတော်ကို တည်ထားခဲ့သောကြောင့် ဤဗန္ဓိသေလာစေတီတော်သည် ကျိုက်ထီးရိုးစေတီတော်ထက် ငါးနှစ်ခန့်စော၍ တည်ထားခဲ့သည်ဟု ဆိုကြပြန်ပါသည်။ ဗန္ဓိသေလာစေတီတော်သည် ကျောက်တုံးသုံးတုံးဆင့် တည်နေပုံမှာ အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်လေးမျက်နှာမှ ဖူးမြော်ပါက ရသေ့တစ်ပါး၏ဦးခေါင်းတော်၊ ပါးပြင်တော်၊ နားရွက်တော်နှင့် ပခုံးတော်သဏ္ဌာန်များ ဖူးမြင်ရပါသည်။ ကျောက်တုံးသုံးတုံဆင့်တွင် အပေါ်ကျောက်တုံး အမြင့် ၈.၂၅ ပေ၊ လုံးပတ် ၂၅.၅ ပေ၊ အလယ်ကျောက်တုံး အမြင့် ၁၀.၅ ပေ၊ လုံးပတ် ၄၂.၇၅ ပေ၊ အောက်ခံကျောက်တုံးအမြင့် ၇.၅ ပေ၊ လုံးပတ် (၅၂.၅၀) ပေရှိကြောင်း သိရှိရပါသည်။ တောင်ပေါ်သို့ တက်ရောက်ရန် ယာဉ်ရပ်နားစခန်းနှင့် တောင်တက်ကားများလည်းရှိပြီး ယာဉ်ရပ်နားစခန်းမှ တောင်ပေါ်အထိ ၄ မိုင်ခန့်ကွာဝေးသည်။