ကျိုက်ကလွန်ပွန်းစေတီတော်

Listing Description

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် တည်ရှိပါသည်။ စေတီတော်ကို ဟံသာဝတီ(ပထမ)ခေတ်၏ နောက်ဆုံးမင်းဆက်ဖြစ်သော တိဿရာဇာမင်းကြီးက ကောဇာသက္ကရာဇ် ၄ဝ၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့တွင် တည်ထားကိုးကွယ်ခဲ့ပါသည်။ ဒုတိယဟံသာဝတီခေတ်တွင် ဗညားဦးမင်းက စေတီတော်ကြီးအား မူလဉာဏ်တော်ကို မြှင့်တင်လျက် အတောင် ၇၀ အထိ ပြန်လည်ပြုပြင် တည်ဆောက်၍ ထီးတော်အသစ် တင်လှူခဲ့သည်။ သက္ကရာဇ် ၈၂၆ ခု ကဆုန်လပြည့်နေ့တွင် ဓမ္မစေတီမင်းကြီးက စေတီတော်အား ဉာဏ်တော်အမြင့် အတောင် ၁၀၀ ပြည့် စေတီတော်အဖြစ် ပြန်လည်တည်ထားကိုးကွယ်၍ ထီးတော်အသစ် တင်လှူပူဇော်ခဲ့သည်။ ခရစ်နှစ် ၁၅၅၈ ခုနှစ်တွင် ငလျင်ဒဏ်ကြောင့် ခေါင်းလောင်းပုံ အထိပြိုကျခဲ့သည့် စေတီမြတ်ကြီးအား ဘုရင့်နောင်မင်းတရားကြီးက ဗညားဣန္ဒကို ကြီးကြပ်ပြင်ဆင်စေပြီး ခရစ်နှစ် ၁၅၆၆ တွင် ပြန်လည်ပြုပြင်ပြီးစီးခဲ့သည်။ ခရစ်နှစ် ၁၆၂၉ ခုနှစ်တွင် သာလွန်မင်းတရားကြီးက ထီးတော်အသစ် တင်လှူပူဇော်ခဲ့သည်။ မင်းအဆက်ဆက် ပြုပြင်ထိန်းသိမ်းလာသော ကျိုက်ကလွန်ပွန်းစေတီတော်မြတ်ကြီးအား ယခုအခါ ကြည်ညိုဖွယ် ဖူးမြော်မြင်တွေ့နိုင်ပါသည်။